ရန်ကုန် – ၂၀၂၅ ဧပြီ ၄ (မော်ကွန်း)
မန္တလေးတိုင်းအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ ငလျင်ကြောင့် လူသေဆုံးမှုတွေအပြင် နေအိမ်အဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး ၎င်းမြို့နယ်တွေက တချို့ကျေးရွာမှာ အကူအညီတွေ မရောက်ရှိသေးတာကြောင့် ဒေသခံတွေအတွက် နေရေး၊စားရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရမည်းသင်းမြို့နယ်နဲ့ ရှစ်မိုင်အကွာမှာရှိတဲ့ သီးကုန်းကျေးရွာမှာဆိုရင် အိမ်ခြေပေါင်း ၂၀၀ ကျော် ပျက်စီးခဲ့ကာ လူကိုးဦးသေဆုံးခဲ့ပြီး ၎င်းတို့ကျေးရွာကို လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“လက်ရှိက ဘုန်းကြီးကျောင်းမှာ မိုးကာလေးတွေခင်းပြီး နေကြရတယ်။ ဘုန်းကြီးက စောင့်ရှောက်ထားတာပေါ့။ ရေရှည်နေရေးစားရေးက အခက်အခဲဖြစ်လာလို့ အလှူရှင်တွေ လိုအပ်နေပါတယ်” လို့ ရမည်းသင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရမည်းသင်းမြို့နယ်က ဓမ္မစကူးစာသင်ဆောင်ပြိုကျကာ ကလေးငယ် ၁၃ ဦးထိ သေဆုံးခဲ့တဲ့ ရွာတန်းကျေးရွာမှာဆိုရင်လည်း အကူအညီလိုနေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
“ဒီမှာက အလှူရှင်အရောက်နည်းပါတယ်။ ကိုယ်ထူကိုယ်ထပဲ အလောင်းတွေဖော်ခဲ့ရတာရှိတယ်။ အခုထိတော့ အလှူရှင်နည်းနည်းပဲရောက်သေးတယ်။ ရေသန့်တို့၊ ငွေကြေးတို့ လိုပါတယ်” လို့ ၎င်းက ပြောပါတယ်။
ရမည်းသင်းတစ်မြို့နယ်လုံးမှာဆိုရင် လူပေါင်းကိုးဆယ်ကျော်ထိ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းမှာဖော်ပြထားတာပါ။
ငလျင်ကြောင့် သေဆုံးသူ ၂၃၀ ကျော်ထိရှိခဲ့တဲ့ ပျော်ဘွယ်မြို့နယ်မှာလည်း နေအိမ်အဆောက်အဦတွေ ပျက်အစီးများခဲ့ပြီး အကူအညီတချို့ လိုအပ်နေသေးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပျော်ဘွယ်မြို့နယ်မှာဆိုရင် ကမ္ဘောဇဘဏ်ခွဲရဲ့ ငါးထပ်အဆောက်အဦနဲ့ ပျော်ဘွယ်မြို့မဈေးနဲ့ မြို့မဗလီ ပြိုကျမှုတွေကြောင့် အခုလို ထိခိုက်သေဆုံးသူရာနဲ့ချီရှိခဲ့တာပါ။
လက်ရှိမှာတော့ ပျော်ဘွယ်မြို့နယ်အတွက် နေရေး၊ စားရေးက မြို့ခံတွေအနေနဲ့ အကူအညီပေးထားတာကြောင့် အခက်အခဲမရှိပေမယ့် သောက်ရေပြတ်လပ်နေပြီး နေအိမ်တွေ ပြန်လည်ထူထောင်ဖို့အတွက် ငွေကြေးတွေ လိုအပ်တယ်လို့ ဒေသခံတစ်ဦးက ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
“ပျော်ဘွယ်မှာတော့ အဓိကတော့ ရေတကယ်လိုနေတာ။ သောက်ရေနဲ့ ပြီးတော့ ငွေကြေးပိုင်းလည်းလိုတယ်။ တခြားကတော့ ကယ်ဆယ်ရေးအဖွဲ့လည်း သိပ်မရောက်သေးဘူး။ အပျက်အစီးတွေလည်း ဒီအတိုင်းရှိနေသေးတာတွေ ရှိတယ်” လို့ ဒီမြို့ကို သွားရောက်ကူညီခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အလားတူပဲ ဝမ်းတွင်းမြို့နယ်မှာ လူသေဆုံးသူ ၅၀ ကျော်ထိရှိခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဝမ်းတွင်းဒေသခံတစ်ဦးကတော့ “လက်ရှိတော့ အလှူရှင်တွေတော့ ရောက်လာနေပါတယ်။ အဓိကတော့ နေအိမ်တွေ ပြိုသွားတာတွေအတွက် ပြန်ပြီးပြင်ဆင်ဖို့တွေလိုတယ်။ အစားအသောက်ကတော့ လာလှူကြပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် တစ်နိုင်ငံမှာ သေဆုံးသူပေါင်း ၃,၁၀၀ ကျော်ထိ ရှိခဲ့ပြီး ငလျင်ရဲ့ဗဟိုချက်ဖြစ်တဲ့ မန္တလေးတိုင်းဟာ ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့တာပါ။ လက်ရှိနောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ မန္တလေးတိုင်းတစ်ခုထဲမှာ သေဆုံးသူပေါင်း ၂,၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။
ပုံစာ – ပျော်ဘွယ်မြို့နယ်က အပျက်အစီးတွေရဲ့မြင်ကွင်း
ဓါတ်ပုံ – May Eaindra

