ရွှေဘို -၂၀၂၃ ဇွန် ၅ (မော်ကွန်း)
ဒီလစကတည်းက ခင်ဦးမြို့နယ်အတွင်းကို စစ်ထိုးဝင်ရောက် ရွာမီးရှို့နေတဲ့စစ်ကောင်စီတပ်တွေကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့သေဆုံးတာတွေရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ရွာတွေကို ဇွန် ၁ ရက်ကတည်းက ဝင်ရောက်မီးရှို့နေတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ဒီနေ့မှာတော့ ခင်ဦးမြို့နယ်မြောက်ဘက်ခြမ်း၊ ရွှေဘို-မြစ်ကြီးနား ရထားလမ်းဘေးက မဒေါင်းကြီးနဲ့ ရွှေတာရွာတွေကို ဝင်စီးနေပြီး ဒေသခံတွေထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက တာဝန်ရှိသူက ဒီနေ့ နေ့လယ်မှာ ပြောပါတယ်။
“ မနေ့က မရမ်းအင်း ကျေးရွာက အသက် ၆၆ နှစ်အရွယ် ဒေသခံ အဖွားအိုတစ်ဦး စစ်ရှောင်ရင်းနဲ့ အမောဖောက် သေဆုံးသွားတာ။ သေဆုံးတာလည်း ကိုယ့်ရွာကိုယ် ပြန်မသယ်နိုင်ဘဲနဲ့ စစ်ရှောင်တဲ့ နေရာမှာတင် သင်္ဂြိုလ်ခဲ့ရတယ်လို့ သိရ တယ်။ ရွာသစ်က ဇွန်၁ ရက်နေ့ မနက်အစောပိုင်း ဝင်တယ်။ ဝင်ပြီးတော့ ဒေသခံတစ်ဦးကို ဖမ်းဆီးသွားတယ်။ နေအိမ် ခုနစ်လုံးကိုလည်း ရှို့သွားတယ်။ ဖမ်းဆီး သွားပြီး မူးသာကျေးရွာ အရောက်မှာ ရွာသစ်ရဲ့တောင်ဘက် မူးသာကျေးရွာဘက်မှာ မီးရှို့ခဲ့တဲ့ အလောင်းတစ်လောင်း အရိုးစုတွေနဲ့ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ရွာတွေဖြစ်တဲ့ ကျီးအိုင်၊ ရွာသစ်၊ သဲကုန်းကြီး၊ မုံတော(တောင်ရွာ)၊ ဒါန်းကုန်း၊ မူးသာ၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး စတဲ့ ရွာတွေကို ဇွန် ၂ ရက်မှာ ဝင်ခဲ့တာကြောင့် အဲဒီဒေသက လူပေါင်း ထောင်နဲ့ချီ ထွက်ပြေးခဲ့ရသလို ရွာတွေလည်း မီးရှို့ခံခဲ့ရပါတယ်။
ဒါ့အပြင် ဒီနေ့မှာ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်း၊ ရွှေဘို- မြစ်ကြီးနား ရထားလမ်းဘေးမှာရှိတဲ့ ရွာတွေကို ဝင်စီးနေပြီး ကန်သစ်၊ မြစ်တော်၊ ဘအိုး၊ အင်ဒိုင်းကြီး၊ မဒေါင်းကြီး ၊ ဂျပို့၊ ပေါက်သင့်တုံ၊ စောကြီး၊ သနပ်စိန်၊ ရွှေတာ စတဲ့ ရွာတွေက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ရွာတွေကို စစ်ကောင်စီတပ်တွေက ဆက်တိုက် ဝင်ရောက်စီးနင်းနေတာကြောင့် စစ်ရှောင်တွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ အပြင် ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
“ အခု စားရေး သောက်တာက အစ လိုအပ်တယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ စရှောင်ရတဲ့ အနောက်တောင်ခြမ်းဆို ပိုဆိုးတယ်။ ဒေသခံ တစ်သောင်းကျော်ဆိုတော့ ထမင်းထုပ်ဝေတာကအစ လောက်လောက်ငှငှ မရကြဘူး။ ပြီးတော့ နေစရာကအစ၊ စစ်ရှောင်ရင်း မိုးတွေ ရွာတာ၊ နေစရာကအစ ခက်ခဲမှုတွေနဲ့ ဆေးဝါးမကုသနိုင်တဲ့ သူတွေလည်း အများကြီးဘဲ။ အမောဖောက် တဲ့ သူတွေလည်း အများကြီးပဲ။ အဲဒီထဲမှာ မနေ့ကတော့ တစ်ဦးကတော့ ဆုံးသွားတာပေါ့” လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ဒီစစ်ကြောင်းကို သူတို့ ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ တားဆီးတိုက်ခိုက်ချင်ပေမယ့် လက်နက်အင်အားချင်း မမျှတဲ့ အတွက် မတားနိုင်သေးဘူးလို့ သူက ပြောပါတယ်။
“ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ထိတွေ့တာမျိုးတော့ မရှိဘူးဗျ။ အင်အားမမျှတာပေါ့ဗျာ။ အင်အားမျှတယ်ထားဦး၊ လက်နက်ချင်း မမျှဘူး။ သူတို့(စစ်ကောင်စီ)က လက်နက်ကြီးငယ်တွေ တအားသုံးနိုင်တယ်။ ပစ်တယ်။ အခုထိလည်း ပစ်နေတယ်” လို့ မြေပြင်အခြေအနေကို ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ဒီနေ့လယ်မှာ ပြောပါတယ်။
နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာပေါင်း ၇၄ ရွာရှိပြီး အိမ်ခြေ ငါးထောင်ကျော် ပျက်စီးကာ ဒေသခံ သုံးသောင်းဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီးပြီလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးရဲ့ အချက်အလက် တွေမှာ ဖော်ပြတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိ တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၄၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဖော်ပြပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောက်းထိုးလို့ ထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံများ
Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#Dailynews

