“နိုင်ငံရေးအားဖြင့်၊ စစ်ရေးအားဖြင့် မြန်မာစစ်တပ်က အဖက်ဖက်က ပြိုလဲနေတဲ့အချိန်ပေါ့၊ အဲဒါတွေကြောင့် လူထုရဲ့ အမုန်းတရား၊ လူထုရဲ့ ကျိန်စာသင့်နေတဲ့စစ်တပ်က ပြိုလဲဖို့ မြန်တာပေါ့”

ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၂၇ (မော်ကွန်း)

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဟာ စစ်ကောင်စီစခန်းတွေ တစ်ခုပြီးတစ်ခုကို ဆက်တိုက်သိမ်းပိုက်နေပြီး ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က မြို့တွေကိုပါ သိမ်းပိုက်ထိန်းချုပ်လာနေပြီဖြစ်ပါတယ်။ AA ဟာ ရခိုင်ပြည်နယ်တစ်ခုလုံးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ထုတ်သွားမယ်လို့ ထုတ်ပြောလာပြီး တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ AA ရဲ့ မြေပြင်စိုးမိုးမှု အခြေအနေ၊ စစ်ရေးအခြေအနေတွေနဲ့ AA က ထိန်းချုပ်ထားတဲ့ ဒေသတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားဖြစ်သူ၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – လက်ရှိ ရခိုင်ဒေသမှာ AA ဟာ ပလက်ဝဒေသအပါအဝင် မြို့တွေကိုလည်း ထိန်းချုပ်သိမ်းပိုက်နိုင်တာတွေ ရှိလာပြီလို့သိရပါတယ်။ ဆက်ပြီးတော့လည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ မြေပြင်မှာ AA ဟာ ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါသလဲ။

ဦးဖေသန်း – AA က ထိန်းချုပ်ထားတာ အရင်ဆုံးတော့ ပလက်ဝပေါ့၊ ပလက်ဝကနေပြီးတော့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့လည်းပါတယ်ဆိုတော့ စုစုပေါင်း ခုနစ်မြို့နယ်ပေါ့။ အဲဒီအပြင် မြောက်ပိုင်းမှာရှိတဲ့ မောင်တော၊ ဘူးသီးတောင် နယ်ခြားစခန်းတွေရော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့တွေကိုရော သူတို့က ဆက်တိုက်နေတဲ့သတင်းတွေသိရပါတယ်။ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကျပြီဆိုရင် စစ်တွေကလည်းကျမှာပေါ့။ အခုတည်းက ပြည်သူတွေက စစ်တွေမြို့က ရှောင်နေကြပြီပေါ့။ တိုက်ပွဲကြားမှာ ပိတ်မိသွားမှာစိုးလို့။ ရမ်းဗြဲလိုမျိုး ပိတ်မိသွားမှာစိုးတော့ အခုတည်းက စစ်တွေမြို့ကလူတွေက နယ်တွေကို ပြေးနေကြပြီပေါ့။ တစ်ဝက်လောက်တောင်မရှိတော့ဘူး။ ဒီဘက်မှာတော့ မြေပုံနဲ့ မင်းပြားကြားမှာရှိတဲ့ တိုင်းဗဟို(၉) လေ့ကျင့်ရေးကျောင်းကို ဒီနေ့ပဲသိမ်းလိုက်ပြီ။ အမ်းဘက် နပခ ဌာနချုပ်ရှိတဲ့မြို့က စခန်းတွေကို ဆက်ပြီးဦးတည်ဖို့များတယ်။ အဲဒီအထဲမှာ အမ်းရယ်၊ ကျောက်ဖြူနဲ့ ဒီကြားထဲမှာ ရမ်းဗြဲက တိုက်နေတာပေါ့။ မြေပုံပြီးရင် အမ်း၊ အမ်းပြီးရင်တော့ ရခိုင်တောင်ပိုင်းဘက်ကို ရောက်သွားလိမ့်မယ်။ အဲဒီဘက်မှာလည်း တိုက်နေတာပေါ့။ အပြီးသတ်အောင် တိုက်နေတာပေါ့။ ပြောရရင် ရခိုင်ပြည်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ ထိန်းချုပ်ထားပြီးဖြစ်တယ်။ ဒီဘက်မှာ သံတွဲနဲ့ ဂွကတော့ နည်းနည်း အလှမ်းဝေးသေးတယ်။ ဒါပေမယ့် အဲဒီကိုလည်း စစ်ရေးအရှိန်၊ ဂယက်ကရောက်လာပြီဖြစ်တယ်။ အဲဒီဘက်တွေမှာလည်း စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ၊ ထွက်ပြေးတာတွေ အများကြီးရှိနေတယ်ပေါ့။ ဒီမိုးအကုန်လောက်ဆိုရင်တော့ သိပ်ပြီးကျန်တော့မှာမဟုတ်ဘူး။ ဒီအရှိန်အတိုင်းသာဆက်သွားနေရင်ပေါ့။

မော်ကွန်း – AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခုရက်ပိုင်းမှာ သူ့ရဲ့ Twitter မှာ ရေးထားတာရှိတယ်။ စစ်ကောင်စီတပ်တွေ အရှုံးကိုလက်ခံဖို့ဆိုပြီး ရေးထားတာပေါ့။ အခုက ရခိုင်ဒေသမှာ စစ်ကောင်စီတပ်တွေ ရှုံးနေပြီလား၊ ရခိုင်ကို စစ်ကောင်စီက လက်လွှတ်ရနိုင်တဲ့အခြေအနေရှိလား။

ဦးဖေသန်း – AA တိုက်တာတော့ ရခိုင်က တကယ့်စစ်ဗျူဟာကုန်းတွေ၊ တပ်ရင်းသုံးရင်း လေးရင်းလောက်ရှိတဲ့ ဗျူဟာကုန်းတွေပေါ့၊ တကယ့်ကို စစ်ကူတွေနဲ့ တိုက်ရတာပေါ့။ ဥပမာ မင်းပြားဆိုရင် နဂိုအထိုင် သုံးရင်းလောက်ရှိတာ၊ စစ်ကူကသုံးရင်း အဲဒီလိုလာပြီးတိုက်တာ။ ဒါပေမယ့် အဲဒါတွေကို AA က အားလုံး ချေမှုန်းနိုင်တယ်။ မြန်မာစစ်တပ်ရဲ့ စစ်အင်အားကို ပြိုလဲကျသွားတယ်၊ ဖွဲ့စည်းပုံပျက်သွားတယ်၊ တပ်ပါ ပျက်သွားတဲ့သဘောရှိတယ်။ တပ်မမှူးတွေကို ဖမ်းဆီးတာတို့၊ ဗျူဟာမှူးတွေကို ဖမ်းမိတာတွေ အများကြီးပဲ။ အခုပဲ တိုင်းဗဟို (၉) (မင်းပြား) ဆိုရင် တကယ့်ခံတပ်ကြီး၊ သူတို့ရဲ့ အမာခံ ခံတပ်ကြီး။ အဲဒါလည်း ကျသွားတာပေါ့နော်။ အဲဒီလို ကျသွားတဲ့အကြောင်းချင်းရာတွေလည်း ရှိတာပေါ့။ နံပါတ်တစ်ကတော့ ပြည်သူက သူတို့ကို မထောက်ခံဘူး။ ဒီဘက်ကိုကျတော့ ပြည်သူက တအားထောက်ခံတာကိုး။ နောက်ပြီးတော့ စခန်းတစ်ခုကို ကျသွားပြီ၊ မြို့တစ်ခုကို ရသွားပြီဆိုရင်နောက်စခန်းတစ်ခုကို ချက်ချင်းသွားတိုက်တာ။ ပူးပေါင်းစစ်ဆင်ရေးကလည်း ကောင်းတယ်။ လက်နက်ကလည်း အရင်လက်နက်တွေထက် အများကြီးကောင်းလာတယ်။ အထူးသဖြင့် ဒီဘက်ကလည်း (AA) တာဝေးပစ် ဟောင်ဝစ်ဇာလို အမြှောက်တွေ၊ တင့်ကားတွေကအစ ပြန်အသုံးချလာတာတွေ့ရတယ်။ အဲဒါကြောင့် စစ်စခန်းတွေ မြန်မြန်ဆန်ဆန် ပြိုပျက်သွားတာ၊ လက်နက်ချ၊ အလံဖြူထောင်တာတွေ ဖြစ်လာတာပေါ့။ စိတ်ဓာတ်ကလည်း မြန်မာစစ်သားတွေက တအားကိုစိတ်ဓာတ်ကျဆင်းနေတဲ့ ကာလ။ ULA/AA ကို ကြောက်ဒူးတုန်နေတဲ့ အနေအထားတောင်ပြောလို့ ရတယ်ပေါ့။ AA လာတိုက်တော့မယ်ဆိုရင် စခန်းကျတော့မယ်၊ ထွက်ပြေးရမယ်၊ အလံဖြူထောင်ရမယ်၊ အဲဒီလိုမျိုး သူတို့အချင်းချင်းလည်း စိတ်ဝမ်းကွဲနေတဲ့ ကာလပေါ့။ ပြည်သူကလည်း မထောက်ခံတော့တဲ့ ကာလမျိုးပေါ့။ သူတို့ကိုယ်နှိုက်ကလည်း စစ်ပန်းလာတယ်။ စစ်ကိုငြီးငွေ့လာတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အချင်းချင်းတိုက်ရတဲ့စစ်ပွဲကို သိပ်ပြီးတော့ မတိုက်ချင်တော့ဘူး၊၊

နောက်ပြီးတော့ စစ်သားတွေကလည်း စိတ်ဓာတ်ကွာတယ်ဆိုတာ မြန်မာစစ်သားတွေက အသက်ကြီးတဲ့ သူတွေ ၄၀၊ ၅၀ အရွယ်တွေများတယ်။ ULA/AA က စစ်သားတွေကတော့ အသက် ၂၀ ကျော် အရွယ်တွေများတယ်။ လှုပ်ရှားမှုချင်း၊ တိုက်ခိုက်မှုချင်း၊ ခံနိုင်ရည်ချင်းက တအားကိုကွာတယ်။ အားလုံးခြုံကြည့်လိုက်ရင်တော့ သူတို့ဘက်က စိတ်ဓာတ်ကပြိုလဲနေပြီး ဒီဘက်ကတော့ စိတ်ဓါတ်က အရမ်းကိုတက်ကြွနေတယ်။ အဲဒါကြောင့်လည်း စခန်းတစ်ခုပြီးတစ်ခု၊ တစ်မြို့ပြီးတစ်မြို့ အသိမ်းခံရတာဖြစ်တယ်။ အခုက ပြေးမယ့်လမ်းကြောင်းကိုပဲ ကြည့်နေတာပေါ့။ တိုင်းဗဟို (၉) မှာဆိုရင် စစ်သား ၂၀၀ ကျော်လောက်က မြို့ထဲကိုပြေးသွားတယ်။ အဲဒါကိုလည်း AA က မြို့ထဲမှာ ဝိုင်းပတ်ပိတ်ဆို့ပြီးတော့ ချေမှုန်းပစ်တယ်။ အဲဒီလို အခြေအနေမျိုးတွေပေါ့။ မြန်မာစစ်တပ်က အင်အားတအားပြုန်းတီးသွားတယ် ရခိုင်မှာ။ ရမ်းဗြဲမှာလည်း အဲဒီလိုပဲ တနေ့က ၁၂၀ လောက်အကုန်လုံးနီးပါး ချေမှုန်းခံလိုက်ရတယ်။ မြို့တွေကို သူတို့က သတ်ကွင်းအနေနဲ့ လုပ်ထားသလားလို့တောင် ထင်ရတယ်ပေါ့။ မြို့တွေကို မသိမ်းဘဲနဲ့ သတ်ကွင်းအနေနဲ့ လုပ်ထားတယ်လို့ ထင်တယ်ပေါ့။ ဒါကြောင့် ခြုံပြီးပြောရရင် စိတ်ဓာတ်ကွာဟမှုပေါ့။ တစ်ဖက်က စိတ်ဓာတ်ပြိုလဲနေချိန်မှာ၊ တစ်ဖက်က စိတ်ဓာတ်တက်ကြွနေတော့ နိုင်ငံရေးအားဖြင့်၊ စစ်ရေးအားဖြင့် မြန်မာစစ်တပ်က အဖက်ဖက်က ပြိုလဲနေတဲ့အချိန်ပေါ့။ အဲဒါတွေကြောင့် လူထုရဲ့ အမုန်းတရား၊ လူထုရဲ့ ကျိန်စာသင့်နေတဲ့စစ်တပ်က ပြိုလဲဖို့ မြန်တာပေါ့။ တစ်နိုင်ငံလုံးမှာလည်း အဲဒီလို စစ်ရေးအရ အရှုံးတွေနဲ့ရင်ဆိုင်လာရတယ်။ စစ်အင်အားတအားကို ပြုန်းတီးလာတယ်။ စစ်သားသစ်တွေ စုဆောင်းလို့မရတော့ဘူး။ အခုဆိုရင်တော့ သူတို့ စစ်ထဲမဝင်မနေရဆိုပြီး စစ်မှုထမ်းဥပဒေပဋ္ဌာန်းလာတယ်။ အဲဒီဟာမှာလည်း ပိုပြီးတော့ ပုံရိပ်ကျလာတယ်။ လူထုထောက်ခံမှု ကအောက်ဆုံးကိုရောက်သွားတယ်။ ရခိုင်ပြည်အနေနဲ့တော့ စခန်းတစ်ခုပြီးတစ်ခုသိမ်းဖို့ လုပ်နေတာပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းပြောပြီးသား ရခိုင်မှာ စစ်တပ်စခန်းတစ်ခုမှမရှိအောင် တိုက်သွားမယ်ဆိုတာ။ လက်တွေ့လည်း အဲဒီလို မြင်လာရတယ်ပေါ့။ သတင်းတွေအရတော့ မကြာခင်မှာပဲ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ အဲဒီဟာတွေဟာ မိုးမကျခင် ကျသွားနိုင်တယ်လို့ သတင်းတွေ ရထားပါတယ်။

မော်ကွန်း – AA က သိမ်းထားတဲ့ မြို့တွေကိုရော ဘယ်လိုအခြေအနေရှိပါသလဲ။ ဒေသခံတွေ ပြန်လာဖို့ AA က ထုတ်ပြန်တာတွေ ရှိနေတော့ လက်ရှိမှာ ဒေသခံတွေ ပြန်လာလို့ ရနေပြီလား။ မြေပြင်အခြေအနေက ဘယ်လိုတွေရှိပါသလဲ။

ဦးဖေသန်း – သူတို့သိမ်းထားတဲ့ မြို့တွေကိုတော့ ရေကြောင်း၊ Navy တွေနဲ့ တိုက်ကြည့်တယ်ပေါ့။ ဒါပေမယ့် အဆင်မပြေဘူး။ Navy တွေ နစ်မြှုပ်ခံရတယ်၊ ပြီးတော့ တပ်ကူပေးတဲ့အခါလည်း တပ်ကူတွေဟာ မြို့ထဲကိုမရောက်ဘဲ ကြားဖြတ်တိုက်ခိုက်ခြင်းခံရတဲ့အတွက် တပ်ကူပေးတာလည်း မအောင်မြင်ဘူးပေါ့။ နောက်ဆုံးတော့ Navy တွေလည်း နစ်မြုပ်ခံလိုက်ရတဲ့အခါမှာ ရေကြောင်းကတော့ သိပ်ပြီးတော့ မြစ်ထဲ၊ ချောင်းထဲ မဝင်တော့ဘူးပေါ့၊ ပင်လယ်ဝမှာပဲနေတော့တယ်။ လေကြောင်းကတော့ တစ်ခါတစ်ခါ ဒုက္ခပေးတာတွေရှိတယ်။ အခုဆိုရင် ရမ်းဗြဲပေါ့၊ အကြီးအကျယ်ဗုံးကြဲနေတာတွေရှိတယ်။ လေကြောင်းကတော့ သူတို့မထင်ရင် မထင်သလို လုပ်မှာပေါ့။ ဒါကလည်း လောလောဆယ် ကာကွယ်နိုင်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူး။ သူတို့ဒုက္ခပေးချင်ရင် ပေးလို့ရတဲ့ အနေအထားမျိုးရှိတယ်။ အဲဒါကလည်း ပြည်သူတွေက အသားကျနေပြီပေါ့၊ ဗုံးခိုကျင်းတွေနဲ့ သူတို့တိမ်းရှောင်တဲ့ နေရာတွေမှာ နေသွားကြမယ့်သဘောရှိတယ်။ အခုထိတော့ မြောက်ဦးတို့၊ မင်းပြားတို့၊ ပေါက်တောကို စစ်ကောင်စီတပ်က အကြီးအကျယ်ထိုးစစ်ဆင်တာတော့ မတွေ့သေးဘူး။ အထူးသဖြင့် သူတို့ရဲ့ မြေပြင်တပ်တွေကတော့ ဘယ်လိုမှ ထိုးစစ်ဆင်လို့ ရနိုင်တဲ့ အနေအထားမဟုတ်ဘူး။ ဒါပေမယ့် လေကြောင်းနဲ့ ရေကြောင်းကတော့ မကြာခဏ ဒုက္ခပေးနိုင်သေးတာပေါ့။ အဲဒီလို အနေအထားတော့ ရှိပါတယ်။

မော်ကွန်း – လက်ရှိ စစ်ပွဲကာလမှာ ရှောင်နေကြတဲ့ ဒေသခံတွေဟာ AA ထိန်းချုပ်မှုအောက်ကို ပြန်လာသင့်လား။ ဘယ်လိုထင်ပါသလဲ။

ဦးဖေသန်း – သူတို့က ပြန်လာကြမှာပါ။ အရင်က စစ်ပွဲက နယ်မှာဖြစ်ရင်၊ မြို့ကိုပြေးကြတယ်။ အခုမြို့မှာ တိုက်ပွဲတွေဖြစ်ရင်နယ်ကို ပြေးကြတယ်။ ဒါပေမယ့် သူတို့ဝေးဝေးပြေးကြတာတော့ မဟုတ်ဘူး။ သူတို့ နီးစပ်ရာ အမျိုးတွေနဲ့ ဆွေမျိုးတွေရှိတဲ့နေရာတွေမှာ ဒုက္ခသည်စခန်းမဟုတ်ဘဲ တိမ်းရှောင်ကြတာပေါ့။ မြို့တစ်မြို့ကို AA က တိုက်ပြီဆိုရင် အလွန်ဆုံးတစ်လပေါ့။ တစ်လအတွင်း ပြန်လာကြတယ်။ အချို့ကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ကိုယ့်စီးပွားနဲ့ကိုယ် ပြန်လည်ပတ်ဖို့အတွက် ပြန်လာချင်ကြပြီပေါ့။ အခုအချို့လည်း ပြန်လာကြတယ်။ ပြန်လာခွင့်ရှိတဲ့မြို့တွေမှာ ပြန်လာနေကြပြီပေါ့။ သူတို့ကလည်း မိုင်းထောင်ထားတဲ့ နေရာတွေကို ရှင်းပေးတာပေါ့။ စစ်တပ်က အချိန်မရွေး ဗုံးကြဲတာတို့၊ ဒရုန်းနဲ့ ဗုံးချတာတော့ အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်နိုင်တဲ့ မြို့တွေကိုတော့ ပြည်သူတွေ နာမှာစိုးတဲ့အတွက် ဝင်ခွင့်မပေးသေးဘူးလို့ သိရပါတယ်။ မိုင်းရှင်းနေတာတွေလည်း သိရတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ဝင်ချင်နေကြပြီ။ စစ်မဖြစ်တော့ရင်တော့ အကုန်လုံးက ပြန်လာကြလိမ့်မယ်လို့ ထင်ပါတယ်။

မော်ကွန်း – လက်ရှိမှာ AA ရဲ့ ထိုးစစ်ကို ခုခံဖို့ စစ်ကောင်စီဘက်က ဘယ်လိုတွေ တုန့်ပြန်နေသလဲ။

ဦးဖေသန်း – ပထမပိုင်းမှာ သူတို့က နယ်တွေကိုလက်လွှတ်လိုက်ရတယ်။ မြို့ထဲက မြို့ပြင်မထွက်နိုင်တော့ဘူး။ တောင်ပေါ် ဗျူဟာကုန်းတွေက အောက်ကိုဆင်းလို့ မရတော့ဘူး။ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ခံရတယ်။ ဈေးဝယ်တာတောင်မရတော့ဘူး။ အစားအသောက်တွေအစ အကုန် အခက်အခဲတွေ့တယ်။ တော်တော်လေးကို ဒုက္ခရောက်ကြတယ်ပေါ့။ ဒီဘက်ကလည်း မတိုက်ဘူး။ ရေရှည်အပျော့ဆွဲပြီး အချိန်တစ်ခုကိုယူပြီး သူတို့ကို ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ အဲဒီမှာ သူတို့က အင်အားလျော့နေတယ်။ စိတ်ဓာတ်ကျနေတဲ့ အခြေအနေမျိုးကို ရောက်သွားတယ်။ အဲဒါကြောင့် သူတို့က ကတုတ်ကျင်းထဲကကို မထွက်တော့ဘူး။ အဲဒီအထဲမှာ စစ်ကူလာမလား၊ သူတို့ကို ရိက္ခာချပေးမလား၊ လေယာဉ်နဲ့ လက်နက်လာချပေးမလားလို့ စောင့်နေရတယ်။ အဲဒီမှာ လေယာဉ်ကလည်း ရိက္ခာချတာ၊ စစ်ကူပေးတာ မအောင်မြင်ဘူးပေါ့။ သူတို့က ရိက္ခာလာချရင်လည်း AA က ကြားဖြတ်ယူသွားတယ်။ စစ်ကူလာရင်လည်း မြေပြင်တောင်မရောက်ဘူး၊ အတိုက်ခံရတယ်ပေါ့။ သူတို့ ဒုက္ခပေးတာတော့ AA စခန်းတွေ မြေပြင်တွေကိုတော့ လေကြောင်းကပဲ ဒုက္ခကောင်းကောင်းပေးတာပေါ့။ လေယာဉ်တွေနဲ့ရော လက်နက်ကြီးနဲ့ရော Navy တွေနဲ့ရော မြို့တွေရွာတွေကို ဒုက္ခပေးတာပေါ့။ သူတို့က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေကို ရှုံးမဲမဲပြီးတော့ တိုက်ခိုက်တဲ့အခါ၊ ပြည်သူတွေရဲ့ နာကျည်းဒဏ်ခတ်မှုကိုလည်း ကောင်းကောင်းခံရတာပေါ့။ AA တပ်တွေကို စခန်းတစ်ခုမှတော့ မသိမ်းနိုင်ဘူး။ ပြည်သူတွေကိုပဲ ဒုက္ခပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

မော်ကွန်း – စစ်ကောင်စီကလည်း အခု စစ်မှုထမ်းဥပဒေကို အတည်ပြုလာပြီး စစ်သားစုဆောင်းလာတယ်ပေါ့နော်။ စစ်ကောင်စီအနေနဲ့ အခု AA သိမ်းထားတဲ့ မြို့တွေ၊ ဒေသတွေကို ပြန်ပြီး ထိုးစစ်ဆင်လာနိုင်ချေရှိလား။

ဦးဖေသန်း – လက်ရှိအခြေအနေကတော့ အဲဒီလို တိုက်ခိုက်နိုင်စရာ အကြောင်းမရှိတော့ဘူး။ တစ်ခုတော့ ရှိတာပေါ့၊ စစ်ပွဲရပ်ဖို့အတွက် တရုတ်ကို နားပူနားဆာလုပ်ရင်လုပ်နိုင်တာပေါ့။ အဲဒီနည်းဗျူဟာကလွဲပြီးတော့ AA က သိမ်းထားတဲ့ စခန်းတွေ၊ မြို့တွေ၊ ရွာတွေကို ပြန်သိမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒုက္ခပေးဖို့လောက်တော့ ဖြစ်နိုင်ပါတယ်။ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းတဲ့အခါမှာလည်း ရခိုင်တင်မကဘူး၊ တစ်နိုင်ငံလုံးက အဲဒီဥပဒေကို လက်မခံကြပါဘူး။ သူတို့အနေနဲ့ လူငယ်တွေကိုဖမ်းတယ်၊ စစ်ထဲဝင်ခိုင်းတယ်၊ ဒုက္ခပေးတယ်ဆိုရင် ဒါကတော့ အစိုးရကောင်းတစ်ရပ်တော့မဟုတ်ဘူးပေါ့။ နိုင်ငံရေး၊ စစ်ရေးမှာ အဲဒီလို အဓမ္မနည်းလမ်းနဲ့ လုပ်တဲ့ လုပ်ဆောင်ချက်တွေဟာ မအောင်မြင်နိုင်ပါဘူး။ ဒီအကျိုးဆက်တွေကတော့ ပိုပြီးတော့ဆိုးလာလိမ့်မယ်။ အဲဒီလို လူငယ်တွေ၊ စစ်မတိုက်ချင်တဲ့ ပြည်သူတွေကို အတင်းအဓမ္မတိုက်ခိုင်းတဲ့အတွက် ပိုပြီးတော့ သူတို့အနေနဲ့ ဆုံးရှုံးမှုပဲ ကြုံနိုင်ပါတယ်။ ပိုပြီးတော့ တစ်ဖက်အင်အားတွေ ပိုကောင်းလာနိုင်မယ်။ ကိုယ့်အချင်းချင်းသတ်ဖြတ်မှုတွေ ပိုပြီးတော့ဖြစ်လာနိုင်တယ်။ အတင်းအဓမ္မစစ်ထဲကိုထည့်တဲ့ အခြေအနေက အားကိုးရာမဲ့နေတဲ့ အခြေအနေဆိုရင်တော့ ဟုတ်ကောင်းဟုတ်မှာပေါ့။ အခုက တစ်နိုင်ငံလုံးက ထမင်းအိုးဆူသလို ပွက်ပွက်ဆူနေတဲ့ ကာလမှာတော့ မဖြစ်နိုင်ဘူးပေါ့။ အားလုံးက နိုင်ငံခြားသို့မဟုတ် လွတ်မြောက်နယ်မြေတွေကို တိမ်းရှောင်သွားကြလိမ့်မယ်။ အဲဒီထက်ဆိုးလာတရင်တော့ အကုန်လုံး PDF ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာဝင်ပြီး ပြန်တိုက်ကြလိမ့်မယ်။ မလွှဲမရှောင်သာလို့ သူတို့ဆီရောက်သွားတဲ့ သူတွေကလည်း ကိုယ့်အချင်းချင်းပြန်တိုက်ဖို့ ဝန်မလေးဘူး။ တစ်ဖက်အဖွဲ့တွေကို တိုက်ဖို့လည်း သူတို့မှာ စိတ်အားထက်သန်မှု အဲဒီလောက်ရှိမှာမဟုတ်ဘူး။ အမာခံသင်တန်းပေးထားတဲ့ သူတွေတောင် လက်နက်ချတာဆိုတော့ ၊ ပြည်သူတွေကတော့ အကုန်ချလိုက်မှာပေါ့။ အဲဒီအခြေအနေမျိုးကို မြင်တဲ့အတွက် စစ်မှုထမ်းဥပဒေဟာ အောင်မြင်စရာ အကြောင်းမရှိဘူး။ ရေတိုအားဖြင့် ဖြစ်မလားလို့ မီးစင်ကြည့်ပြီး ကတာပေါ့။ မြေစမ်းခရမ်းပျိုး လုပ်ကြည့်တဲ့သဘောမျိုး၊ အဲဒီလောက်ပဲ မြင်ရပါတယ်။ လက်တွေ့မှာတော့ အသုံးမတည့်ဘူး။ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။

မော်ကွန်း – ရခိုင်ဒေသတစ်ခုလုံးကို စစ်ကောင်စီက တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာလတည်းက ပိတ်ဆို့ထားတာ အခုဆိုရင် သုံးလကျော်၊ လေးလနီးပါး ရှိလာပြီပေါ့။ အခုလို အဖက်ဖက်က ပိတ်ဆို့ထားတဲ့အခြေအနေမှာ AA ဟာ ရခိုင်ဒေသတွင်းမှာ အုပ်ချုပ်ရေးယန္တရားကို သူတို့ထိန်းချုပ်နယ်မြေတွေမှာ ဘယ်လိုလုပ်ဆောင်မလဲ။ အဲဒီလို လုပ်ဆောင်ဖို့ ဘာအခက်အခဲတွေ ရှိပါလဲ။

ဦးဖေသန်း – အခုက တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့တော့ တကယ့် Capacity အပြည့်နဲ့တော့ မရှိဘူးပေါ့။ ဘတ်ဂျက်အနေနဲ့ရော၊ ရုံးခန်းတွေကအစပေါ့ အဲဒီလိုအခက်အခဲတွေတော့ ရှိပါတယ်။ ဒီမြို့တွေကို မသိမ်းခင်ကတည်းက AA ဟာ နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ၊ လုပ်ကြည့်နေတာ၊ လုပ်ထားကြတယ်ပေါ့။ အဲဒီအပေါ် မြို့သိမ်းတဲ့အခါမှာလည်း စစ်ရေးအရင်းအမြစ်၊ လူသားအရင်းအမြစ်တွေ ပေါင်းစပ်ပြီးတော့ သူတို့လုပ်နေကြတယ်။ သိပ်ပြီးတော့ အစိုးရတစ်ရပ်လိုတော့ လူ့အရင်းအမြစ်တို့ ပြည်သူ့ယန္တရားတွေနဲ့ ULA/AA ရဲ့ စည်းရုံးမှုတွေ၊ အမျိုးသားရေးစိတ်ဓာတ်နဲ့ ခံယူချက်တွေနဲ့ လစာမရ၊ ဘာမရနဲ့ သူတို့လုပ်နေကြတာပေါ့။ သူတို့ရှိတဲ့ အရင်းအမြစ်တွေပေါ်မှာ မူတည်ပြီးတော့ သူတို့ အကောင်းဆုံးကြိုးစားနေကြတာပေါ့။ ပြည်သူလူထုကလည်း ULA/AA အပေါ်မှာ ယုံကြည်မှုရှိတယ်။ AA ရဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ယန္တရားတွေဟာ ငြိမ်ငြိမ်သက်သက်နဲ့ အောင်မြင်နေတယ်လို့တော့ ပြောလို့ ရတာပေါ့။

မော်ကွန်း – နောက်ဆုံးအနေနဲ့ ဆရာပြောသလို AA က ပြည်နယ်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားတယ်ဆိုတော့ ဘယ်အချိန်လောက်မှာ AA ရဲ့ စစ်ရေးရည်မှန်းချက် အလုံးစုံပြည့်ဝမယ်လို့ ထင်ပါသလဲ။

ဦးဖေသန်း – သူတို့ စစ်ရေးရည်မှန်းချက်က သူတို့ပြောပြီးသားပဲ။ ရခိုင်တစ်ပြည်လုံးကို သိမ်းပြီးတဲ့အခါ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်က ပြည့်ပြီလို့ ပြောလို့ရမယ်။ အခုက မြို့တွေကိုပဲပြောမယ်ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းမရှိသေးဘူး။ ဒါပေမယ့် နယ်တွေကို ထိန်းချုပ်ထားတာကတော့ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီ။ အချို့ မထိန်းချုပ်ထားတဲ့ နေရာတွေတောင်မှာ ULA/AA ရဲ့ စစ်ရေးအရှိန်၊ နိုင်ငံရေးအရှိန် ဩဇာသက်ရောက်မှုတွေ ရှိနေတာတွေ့ရတာပေါ့။

ဓာတ်ပုံ – ဦးဖေသန်း Facebook

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."