“ ဒီရိုးမရိပ်သာ စင်တာမှာ ဘယ်လောက်ဆိုးနေသလဲဆိုရင် ပိုးရှိတယ်လို့အဖြေထွက်ပြီးသားလူနဲ့၊ အဖြေမထွက်ရ သေးသူကိုလည်း တွဲလျှက်ထားတာမျိုး ရှိနေတယ်။”

“ ဒီရိုးမရိပ်သာ စင်တာမှာ ဘယ်လောက်ဆိုးနေသလဲဆိုရင် ပိုးရှိတယ်လို့အဖြေထွက်ပြီးသားလူနဲ့၊ အဖြေမထွက်ရ သေးသူကိုလည်း တွဲလျှက်ထားတာမျိုး ရှိနေတယ်။”

ရိုးမရိပ်သာ Quarantine Center မှာ နေထိုင်သူတွေဘာတွေကြုံနေရသလဲ ..

ဦးကျော်မျိုးထွန်း၊ သတင်းစာသင်တန်းဆရာ၊ Internews Myanmar နှင့်မေးမြန်းခြင်း။
ကျော်ဇေယျမေးမြန်းသည်။

ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၁၇
(မော်ကွန်း)

ပုံစာ.ရိုးမရိပ်သာ Quarantine Center တွင် COVID-19 နမူနာ ရယူနေစဥ်။ 

ရန်ကုန်မြို့က COVID-19 အတည်ပြုလူနာနဲ့ ထိတွေ့မိသူတွေကို ထားရှိရာ ရိုးမရိပ်သာ Quarantine Center မှာ သီးခြား ခွဲကန့်ထားသူတွေဟာ အဲဒီစင်တာရောက်မှ ပိုးကူးခံရမယ့် အရေးအတွက် စိုးရိမ်နေကြပါတယ်။ လူပေါင်း ၁,၆၀၀ လောက် အထိ ယခုအခါ ရောက်ရှိနေထိုင်နေတဲ့ ဒီစင်တာမှာ နေရာထိုင်ခင်းအဆင်မပြေမှုဟာ အကြီးအကျယ်ကြုံနေရတယ်လို့ စင်တာမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ နယ်ခရီးတစ်ခုထွက်ရင်း ပိုးရှိလူနာနဲ့ ထိတွေ့မိခဲ့သူဖြစ်တဲ့ ရန်ကုန်မြို့၊ Internews Myanmar ရုံးကသတင်းစာသင်တန်းဆရာဖြစ်သူ ဦးကျော်မျိုးထွန်းကို စင်တာမှာ ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ မော်ကွန်းကစက်တင်ဘာ ၁၇ ရက်က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နှုန် ဖော်ပြအပ်ပါသည်။

မော်ကွန်း။ ။ နေရေးထိုင်ရေးက ဘယ်လိုနေရသလဲ။

ဦးကျော်မျိုးထွန်း။ ။ နေရတာက ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာတိုက်ခန်းမှာ တစ်ခန်းထဲမှာ လူငါးဦးနေရတယ်။ ကိုယ်က အခြားအခန်းတွေအကြောင်းတော့ မသိဘူး။ ကိုယ့်အခန်းမှာတော့ ငါးဦးထည့်ထားတယ်။ ပြဿနာက ဘာလဲဆိုတော့ အဲဒီ ငါးဦးကို နေရာချထားတဲ့နေရာမှာ ကုတင်တွေက တစ်ခုနဲ့တစ်ခု သုံးပေတောင်မခြားဘူး။ ကျွန်တော်နဲ့ဘေးကလူနဲ့ဆိုရင် သုံးပေတောင်မခြားဘူး။ အဲဒါက ပြဿနာရှိနေတယ်။ ဥပမာ ကျွန်တော်ဆိုရင် ပိုးရှိလူနာနဲ့ ထိတွေ့မိတာက စက်တင်ဘာ ၂ ရက် က တွေ့ခဲ့မိတာ။ အခုဆိုရင် တွေ့ခဲ့တာဘယ်လောက်ကြာသွားပြီလဲ။

ဒါပေမဲ့ ကိုယ်က အသိစိတ်နဲ့ စင်တာကို လာလိုက်ပေမယ့် ဒီရောက်တော့ ပိုးရှိလူနာနဲ့ ထိတွေ့မိတဲ့လူတွေချည်းပဲ စုထား ထားတာဆိုတော့၊ရှင်းရှင်းပြောရရင် အခန်းထဲမှာက အပြန်အလှန်ပေါ့။ ကိုယ့်ကိုလည်း သူတို့က စိုးရိမ်နေသလို သူတို့ကိုလည်း ကိုယ်က စိုးရိမ်နေတာပေါ့။ကိုယ့်အိမ်မှာကိုပဲ Home Stay နေလိုက်ရင်ရတာပါပဲ။ အခုထိ ဘာမှလည်း မဖြစ်ဘူး၊ လဏ္ခာလည်းမပြဘူးလေ။ အခုက Quarantine လာဝင်ကာမှ ပိုအန္တရာယ်များနေသလို ကြုံနေရတယ်။

မော်ကွန်း။ ။ အခုက အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တာဟာ ၁၅ ရက်လောက်တောင်ကြာသွားပြီလေ။ အခုထိလည်း ရောဂါ လက္ခဏာမပြဘူး၊ဘာမှမဖြစ်ဘူးပေါ့လေ။ တကယ်လို့ အခန်းထဲက တစ်ဦးဦးများ ပိုးတွေ့လူနာဖြစ်ခဲ့ရင် ဘယ်လို လုပ်မလဲ။

ဦးကျော်မျိုးထွန်း။ ။ ဟုတ်ပါတယ်။ ပြောချင်တာလည်း အဲဒါပါပဲ။ သူတို့လည်း ကျွန်တော်လို တွေးကြတာပါပဲ။ အပြန်အလှန်ပေါ့။ အခုကတစ်ယောက်နဲ့တစ်ယောက် သူ့ဆီကများငါ့ကိုကူးမလား၊ ငါ့ဆီကရော သူကို ကူးမလားဆိုပြီး စိုးရိမ်နေကြရတယ်။

မော်ကွန်း။ ။ စင်တာမှာ ရေချိုးခန်း၊ အိမ်သာတွေရော ဘယ်လိုအသုံးပြုကြရသလဲ။

ဦးကျော်မျိုးထွန်း။ ။ အခု ကျွန်တော်တို့ကို ထားတဲ့ အခန်းမှာ ရေချိုးခန်းနဲ့အိမ်သာ တွဲလျက် တစ်ခုပါပါတယ်။ ရိုးရိုးရေဘုံပိုင် ခေါင်းတစ်ခုလည်းရှိတယ်။ ရေခွက်တွေပေးထားတယ်။ ကိုယ့်ဘာသာကိုယ် ချိုးလို့ရတယ်။ အိမ်သာကတော့ ဘိုထိုင်ပါ။ အဲဒီတော့ ရေချိုးခန်း၊ အိမ်သာဝင်မယ်ဆိုရင် တံခါးဖွင့်တာပိတ်တာ၊ ဘုံပိုင်မှာဆိုရင်လည်း ရေပိုက်ကိုင်တာ စသဖြင့် အဲဒါတွေအကုန်လုံးကို ဒီအတိုင်းပဲ စုပေါင်းကိုင်တွယ်နေရတာပေါ့။

တည့်တည့်ပြောရရင် အစိုးရရဲ့ စီမံခန့်ခွဲမှုက အောက်ခြေအထိ လက်လှမ်းမမီဘူး။ အောက်မှာ ဖြစ်ပျက်နေတာတွေကို သူတို့ မသိဘူး။ အခုQuarantine စင်တာ ဝင်တယ်ဆိုရင် လူတွေက အန္တရာယ်ကင်းပြီထင်နေတာ။ Quarantine စင်တာ သည် ရောဂါပိုး ရှိသူနဲ့ ထိတွေ့ထားတဲ့အန္တရာယ်ရှိသူတွေ၊ ငါတို့လည်းရှိနိုင်တယ်လေ၊ အဲဒီလိုလူတွေချည်း စုထားတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို လူတွေ စုထားတဲ့နေရာကကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ မကိုက်ညီတာတွေ ရှိနေတယ်။

Quarantine စင်တာဆိုတာ ကိုယ်အိမ်ထက်စာရင် ပိုလုံခြုံတဲ့နေရာလို့ ကိုယ်ကတော့ ရိုးရိုးသားသား ယူဆတယ်။ ဒါပေမဲ့ ဒီရောက်တဲ့အခါမှာ ခြောက်ပေတောင် မခွဲခြားဘဲ စုထားထားတဲ့နေရာဖြစ်နေတော့ အိမ်သာဆိုလည်း ဘုံသုံး၊ အခန်းဆိုလည်း ဘုံသုံးဖြစ်နေတော့ ကုတင်ဆိုတာလည်း ပေ ၂၀၊ ၂၅ ပတ်လည် အခန်းထဲမှာ ငါးခုလောက်ချထားတာ ဆိုတော့ ဒါဟာ ကိုယ့်အိမ်မှာရှိတဲ့ အနေအထားထက် ပိုပြီးတော့အန္တရာယ်များတယ်။

နောက်တစ်ခု ထပ်ပြောချင်တာက အစိုးရက အခုဆိုရင် Quarantine စင်တာတွေ ပြည့်တယ်၊ ပြည့်တယ်ပြောနေတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ပိုးရှိလူနာနဲ့ ထိတွေ့ခဲ့တယ်။ လက္ခဏာလည်းမပြဘူး၊ သန်သန်မာမာပဲဆိုရင် အဲဒီအိမ်ကို ချိတ်ပိတ်လိုက်သင့်တယ်။ အဲဒီအိမ်ဟာ Home Stay အိမ်ဆိုတာ စာကပ်ပြီးတော့ အပြင်ကနေ အစားအသောက် လာပေးလိုက်ရင်လည်း ပြီးသွားပြီပေါ့။ အဲဒါဆိုရင် ပိုပြီးတော့လုံခြုံမယ်၊ ကောင်းမယ်လို့ ထင်တယ်။

အခုဆိုရင် ဒီရိုးမရိပ်သာ စင်တာမှာ ဘယ်လောက်ဆိုးနေသလဲဆိုရင် ပိုးရှိတယ်လို့အဖြေထွက်ပြီးသားလူနဲ့၊ အဖြေမထွက်ရ သေးသူကိုလည်း တွဲလျှက်ထားတာမျိုး ရှိနေတယ်။ သတင်းတွေမှာလည်း တွေ့မှာပါ။ အဲဒါလေးတောင် ခွဲမပေးနိုင်ဘူး။ ပြောချင်တာက ပိုးရှိလူနာနဲ့ပိုးရှိသူချင်း၊ ပိုးမရှိသူနဲ့ပိုးမရှိသူချင်းတွေတောင် ခွဲမထားနိုင်ဘူးဆိုရင် ဒီလို စီမံခန့်ခွဲမှုအောက် မှာ ဒီနေရာကို ယုံကြည်စွာနဲ့လာခဲ့သူတွေကဘယ်လို ဖြစ်နေမလဲဆိုတာ စဉ်းစားသာကြည့်တော့။

ဒဲ့ပြောရရင် ဒီစင်တာတွေကို ယုံကြည်မှုမရှိတော့ဘူး။ လုပ်နေကိုင်နေတာတွေကလည်း တလွဲတွေပဲ။ ဥပမာဆိုပါတော့ ကျွန်တော်ကအရမ်းအိုက်တတ်တယ်။ ပူအိုက်တဲ့ဒဏ်ကို မခံနိုင်ဘူး။ အိမ်ကနေ ပန်ကာယူလာတယ်။ ကားနဲ့လာပို့တယ်။ အပေါက်ဝကနေ ပန်ကာကိုလက်မခံပါဘူးတဲ့။ ထားပါတော့။ ဒါပေမဲ့ အခြားအခန်းတွေကလူတွေကျတော့ ပန်ကာတွေ လာပို့ကြတယ်။ ရတယ်။ ဒါကို မှတ်တမ်းလည်းတင်ထားပါတယ်။ အဲဒီလိုမျိုး စည်းမျဉ်းစည်းကမ်း မညီညွှတ်တာတွေလည်း ဖြစ်နေတယ်။ စနေနေ့မှာပဲ အစားအသောက်ပို့ခွင့်ရှိတယ်လို့ပြောထားတယ်။ ဒါပေမဲ့ အခြားသူတွေလည်း လာပို့နေကြတာ ပါပဲ။ ပြောချင်တာက စင်တာမှာက စည်းမျဉ်းစည်းကမ်းနဲ့ ကြပ်ကြပ်မတ်မတ်လုပ်နေတာမျိုးမဟုတ်ဘဲ သူတလူ၊ငါတမင်း လုပ်နေသလို ဖြစ်နေတယ်။

ဒီမှာ ကြုံနေရတဲအခြေအနေက ကိုယ့်ဘာသာအိမ်မှာပဲ နေရင်း Stay Home နဲ့ ဖြတ်သန်းမယ်ဆိုရင် ကိုယ်က ပိုးမရှိသူ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုနေရာ ရောက်လာကာမှ ကိုယ်က ပိုးကူးခံရနိုင်ချေမြင့်တတ်နေတဲ့ အခြေအနေကို ကြုံနေရတာပါပဲ။ ဒီလို ပူပန်နေတာက ကျွန်တော်တစ်ယောက်ထဲတော့မဟုတ်ဘူး။ ကျနော်အခန်းဖော်တွေအကုန်လုံးလဲ ဒီလိုပဲ ခံစားနေကြရတာပါပဲ။ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ အိမ်မှာလောက်တော့ ဒီမှာ အဆင်မပြေနိုင်ဘူးဆိုတာ။ ဒါပေမဲ့ ကျန်းမာရေးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီတော့နေရမယ်ထင်နေတာ။ ဒီလိုနေရာတွေမှာ စည်းကမ်း မညီရင် အခြားနေရာတွေမှာဆို ဘယ်လောက်ဆိုးနေမလဲ။ ပြီးတော့ ဒီကိုရောက်ကတည်းက ဒီနေ့အထိ ဆေးဝါးတိုက်တာ၊ စစ်တာ၊ဆေးတာ ဘာတစ်ခုမှလည်း မရှိဘူး။

ဒါက ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး။ တစ်ခန်းလုံးက လူတွေလည်း ဒီအတိုင်းပဲ။ အခုဆိုရင် ဒီစင်တာမှာ ထွက်ပြေးတဲ့ သူတွေတောင် ရှိတယ်လို့ အသံကြားတယ်။ အခုပဲ ရဲတွေ ပြေးလွှားနေကြတာတွေ့တယ်။ သတင်းကတော့ အတည်ပြုသတင်းမဟုတ်ဘူး။ ဒါပေမဲ့ထွက်ပြေးသူရှိတယ်လို့ သတင်းတွေတော့ ထွက်နေတယ်။ သေသူတွေလည်း ရှိနေတဲ့ ပုံပဲ။ ကိုယ်က အဆောင်ထဲမှာဆိုတော့ အတည်အကျမသိနိုင်ဘူး။ ဒါပေမဲ့ အခြားအဆောင်တွေဘက်က အော်ဟစ် ငိုယိုသံတွေတော့ကြားရသလို လူနာတင်ကားတွေဝင်နေတာကိုလည်းမြင်နေရတယ်။ ပြောနေကြတာတော့ ဆေးကုသမှု မပေးတဲ့အတွက် တစ်ယောက်တော့ ဆုံးသွားတယ်ဆိုတာမျိုး ပြောနေကြတယ်။

ဒီမှာ ကူညီနေသူတွေနဲ့ ပတ်သက်ရင်တော့ ကောင်းကြပါတယ်။ ဒီစင်တာမှာဆိုရင် လူပေါင်း ၁,၆၀၀ လောက်ရှိ နေတယ်လို့ ကြားရတယ်။ပရဟိတကူညီပေးနေသူတွေက လူ ၄၀ လောက်ပဲ ရှိတယ်ဆိုတော့ သူတို့လည်း နိုင်သလောက်တော့ လုပ်ပေးနေကြပါတယ်။ မောက်မောက်မာမာပြောဆိုတာမျိုးတော့ မရှိဘူး။ စီမံခန့်ခွဲမှုတွေ လွဲနေတာ တော့ ပြဿနာပေါ့။ အခန်းတစ်ခန်းဟာ သုံးယောက်လောက်ပဲ ထားသင့်တဲ့နေရာမှာ ငါးယောက်လောက် စုထည့် ထားတော့ ဘယ်လောက်ပဲ အစားအသောက်ကောင်းအောင်ကျွေးကျွေး ပိုးကူးခံရနိုင်ချေတွေမြင့်တတ်တော့ စိတ်ပိုင်းဆိုင်ရာမှာ အဆင်မပြေမှုတွေ ဖြစ်ကြတယ်။

မော်ကွန်း။ ။ Quarantine စင်တာဝင်နေသူတစ်ယောက်အနေနဲ့ အဲဒီနေရာတွေရဲ့ စီမံခန့်ခွဲမှုပိုကောင်းလာအောင် ဘယ်လို အကြံပြုချင်ပါသလဲ။

ဦးကျော်မျိုးထွန်း။ ။ ပြောချင်တာကတော့ ဒီနေရာတွေကို ကျွန်တော်တို့အိမ်မှာထက် ပိုလုံခြုံမယ်ထင်လို့ လာကြတာပေါ့။ ကိုယ်တိုင်ကလည်း နောက်ဆုံးမှာ ပိုးရှိ၊မရှိဆိုတဲ့ အဖြေသိဖို့လိုတယ်။ အဲဒါသိဖို့အတွက် အပြင်မှာ သွားရောက်စစ်ဆေး မယ်ဆိုရင်လည်း ပိုက်ဆံအကုန်အကျတွေက ရှိတယ်။ အဲဒါကြောင့် အကောင်းဆုံး ပိုးရှိ၊မရှိစစ်ဆေးပေးမယ့်နေရာဟာ ဒီ စင်တာတွေပေါ့။ ကိုယ်ကလည်း ပိုးရှိသူနဲ့ထိတွေ့ထားတာဆိုတော့ ဒီလို စောင့်ရှောက်မှုတွေရမယ်ထင်လို့ ဒီနေရာကို လာကြတာ။ ပြီးတော့ ကိုယ့်မှာ အခြားရွေးချယ်စရာလည်းမရှိဘူးလေ။ အစိုးရအနေနဲ့က ပိုးရှိသူနဲ့ နည်းနည်းပါးပါး ထိတွေ့ ထားသူတွေဟာ အိမ်မှာပဲ နေလို့ရတယ်လို့ သတ်မှတ်ပေးထားရင်လည်းအဆင်ပြေတာပေါ့။ တို့က ထိတွေ့ထား တော့ ကိုယ့်ကျန်းမာရေးအခြေအနေရလာဒ်ကို သိချင်တဲ့အတွက် ဒီကိုလာတယ်ပေါ့။

အဲဒီအတွက် ဒီလို စင်တာတွေဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း တိတိကျကျ ရှိနေဖို့ လိုတယ်။ကိုယ့်အိမ်မှာဆိုရင် မိသားစုနဲ့ မထိတွေ့ဘဲ ကိုယ့်အခန်းထဲကိုယ်အောင်းနေလို့ ရနေသေးတယ်။ ဒီမှာကျတော့ အောင်းနေဖို့နေနေသာသာတစ်ဦးနဲ့တစ်ဦး သုံးပေလောက်ပဲ ခြားထားတယ်ဆိုတော့ ကိုယ့်အတွက် ပိုးကူးနိုင်ချေက ပိုလို့တောင်များနေတယ်။ ဒီဟာမျိုးတွေက မဖြစ်သင့်ဘူး။ ဥပမာ- ကုတင်တစ်လုံးနဲ့တစ်လုံးဟာ အနည်းဆုံး သတ်မှတ်ချက်အတိုင်း ခြောက်ပေတော့ ခြားပေးသင့်တယ်။ တိတိကျကျလုပ်သင့်တယ်။

ဒီကိုရောက်လာပြီးတော့ ကိုယ်တွေကို အစိုးရစရိတ်နဲ့ကျွေးမွေးတယ်။ စောင့်ရှောက်ထားတယ်ဆိုတာနဲ့တင် မလုံလောက်ဘူး။ကျန်းမာရေးနဲ့ပတ်သက်ပြီး နေ့စဉ်ညွန်ကြားတာမျိုးတွေ၊ အကြံပြုတာမျိုးတွေလည်း ပေးသင့်တယ်။ အခုက ဘာတစ်ခုမှ လုပ်မပေးဘူး။အားပေးတာ၊ နှစ်သိမ့်တာတွေလည်းမရှိဘူး။ အခုဟာက မင်းတို့ကောင်တွေဟာ အပြစ်ရှိတယ်၊ ပိုးရှိလူနာနဲ့ထိတွေ့ထားတဲ့အတွက် ဒီအထဲကိုရောက်နေကြရတာဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒါမျိုး တွေက ပြုပြင်သင့်တယ်။ အနည်းဆုံးတော့ ဒီလိုအခြေအနေမှာ ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာမျိုးတော့ လမ်းညွှန်သင့်တာပေါ့။ ကျွန်တော်အနေနဲ့ သိပေမယ့် တစ်ချို့ဆိုရင် မိသားစုလိုက်၊ကလေးသူငယ်တွေ၊ လက်လုပ်လက်စားတွေလည်း ရောက်လာကြတယ်။ သူတို့ဆိုရင် သိမှုအပိုင်းက နည်းပါးတယ်။ ဒါမျိုးဆိုရင် ညွှန်ကြားကူညီပေးသင့်တာပေါ့။ အခုက ဘာတစ်ခုမှ မရှိဘူး။ ဒီလိုနေရာဆိုတာ ပိုးရှိသူနဲ့ထိတွေ့ထားလို့ သံသယလူနာတွေကို စောင့်ရှောက်ထားတဲ့နေရာတွေပဲ မဟုတ်လား။

ပုံစာ.ရိုးမရိပ်သာ Quarantine Center ရှိ အိပ်ခန်းအဆောင်ကို ရောက်ရှိလာသူများ၊
ဓာတ်ပုံ ကျော်မျိုးထွန်း

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."