အစိုးရသစ်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ရှိသင့်၊ မရှိသင့်

အစိုးရသစ်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ရှိသင့်၊ မရှိသင့်

ကေ ျာ်ဇေယ ျ တွေ့မေးသည်။

ရန်ကုန် (နိုဝင်ဘာ ၁၈၊ ၂၀၁၅)

မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ အစိုးရသစ်တစ်ရပ်ဖွဲ့ဖို့လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ထက် ပိုများတဲ့အရေအတွက်နဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။ သို့ဖြစ်တဲ့အလျောက် NLD အစိုးရဖွဲ့ပြီးတဲ့နောက် တိုင်းပြည်မှာ ဘာတွေပြုပြင်ပြောင်းလဲလာမလဲဆိုတာဟာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

အဲဒီထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဒီမိုကရေစီအစိုးရအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရှိဖို့သင့်မသင့်နဲ့ ဘယ်လိုပြုပြင်ပြောင်းလဲသင့်သလဲဆိုတာကို သိရဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ Yangon Journalism School ရဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်ပြီး သတင်းစာပညာဆရာလည်းဖြစ်တဲ့ ဦးရဲနိုင်မိုး၊ The Voice Daily သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ Myanmar Journalism Institute ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူ း ဦးသီဟစောနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင်လည်းဖြစ်ပြီး သတင်းစာပညာဆရာလည်းဖြစ်တဲ့ ဦးမြင့်ကေ ျာ်တို့ကို မော်ကွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ အောက်ဖော်ပြပါတို့မှာ ၎င်းတို့နှင့် တွေ့ဆုံမေးမြန်းမှုများထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

ဦးခင်မောင်လေး(ဖိုးသောကြာ)၊ (မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဥက္ကဌ)

မော်ကွန်း။       ။NLD ဦးဆောင်မယ့် ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေးယန္တရားအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်ဟာ ဘယ်လိုပုံဖြစ်လာမယ်လို့ ထင်ပါသလဲ။

ဦးခင်မောင်လေး။           ။ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာက Public Relation (ပြည်သူ့ဆက်ဆံရေး)နဲ့ ဆိုင်တာပေါ့။ ပြန်ကြားရေးဆိုတာမှာ ပြည်သူကို အစိုးရက သူဘာလုပ်နေတယ်ဆိုတာ၊ ဘယ်လိုမူဝါဒတွေနဲ့ သွားနေတယ်ဆိုတာကို သိစေချင်တဲ့ ကိစ္စတွေကို ပြန်ကြားတာကို ပြန်ကြားရေးဝန်ကြီးဌာနလို့ခေါ်တယ်။ အဘတို့ရဲ့သတင်းစာပညာတစ်သက်မှာတော့ ဒီလိုပဲ နားလည်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာကိုတော့ သူလိုအပ်တယ်။ ထားမှာပဲ။ ဝန်ကြီးဌာနအဆင့် တစ်ခုအနေနဲ့ ထားမထားတော့ မသိဘူးပေါ့။ ထားတာကတော့ထားရမှာပဲ။

ဘာကြောင့်လဲဆိုရင် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်ကတည်းက ပြန်ကြားရေးက ရှိခဲ့တာကိုး။ ဆိုပါတော့ အာဇာနည်တစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုဆိုတာ ပြန်ကြားရေးဝန်ကြီးပဲ။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်သတ်မှတ်ပုံ၊ သတ်မှတ်နည်းကတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာက တော်လှန်ရေး ကောင်စီ၊ မဆလခေတ်၊ တပ်မတော်အစိုးရခေတ်တွေမှာလိုတော့ မသတ်မှတ်တော့ဘူးလို့ ထင်တယ်။

အဘတို့ မှီခဲ့တဲ့ ဂျပန်အစိုးရခေတ်ပေါ့။ အဲဒီတုန်းက ပြန်ကြားရေးလို့တော့ မခေါ်သေးဘူး။ ပြန်ကြားရေးဆိုတာက နောက်ပိုင်းမှ သုံးတာ။ ဂျပန်ခေတ်မှာဆိုရင် ဝါဒဖြန့်ချိရေးဌာနလို့ ခေါ်တယ်။နောက်ပိုင်း ဖဆပလတို့၊ ဘာတို့ အစိုးရဖွဲ့တဲ့အခါမှ ပြန်ကြားရေးဆိုတာဖြစ်လာတာ။ ဆိုလိုချင်တာက ပြန်ကြားရေးဆိုသည်မှာ တစ်ပါတီအာဏာရှင်စနစ်ရဲ့အစိုးရတွေပဲ အသုံးများတယ်။

ဒီမိုကရက်တစ်နိုင်ငံတစ်ခုအနေနဲ့တော့ ပြန်ကြားရေးမရှိတော့ဘူး။ အခုတက်လာမယ့်အစိုးရကတော့ ပြန်ကြားရေးလုပ်ငန်းတွေကို တစ်ခြားပုံစံ တစ်မျိုးနဲ့ လုပ်လိမ့်မယ်လို့ ထင်တယ်။ လုပ်ငန်းတွေကတော့ ဆက်ရှိနေလိမ့် ဦးမယ်။ ဘာကြောင့်လဲဆိုရင် အစိုးရက သူလုပ်နေတာတွေကို ပြည်သူကို အသိပေးရဦးမှာကိုး။ အသိပေးတဲ့လုပ်ငန်းတွေလုပ်ဖို့အတွက် ဌာနတစ်ခုတော့ရှိနေလိမ့်ဦးမယ်။ အဲဒီဌာနသည် ဝန်ကြီးဌာနအဆင့်တော့ ဖြစ်ချင်မှ ဖြစ်တော့မယ်။ အခုက ဝါဒဖြန့်ဖို့ အဆင့်အထိ အသုံးပြုဖို့အတွက်ဝန်ကြီးဌာနလို့သုံးလိုက်တာကိုး။

နောက်တစ်ချက်က အစိုးရက ထုတ်နေတဲ့ သတင်းစာတွေ ရှိတယ်။ အဘထင်တာ အဲဒီသတင်းစာတွေကို ဖြုတ်ပစ်လိုက်လိမ့်မယ်။ သို့မဟုတ် တစ်နည်းတစ်ဖုံနဲ့ လွတ်လပ်တဲ့ သတင်းစာအဖြစ် အစိုးရအသစ်က ဖန်တီးလိမ့်မယ်။ အများပြည်သူဝန်ဆောင်မှုမီဒီယာ၊ ဘာညာဆိုတာက ဒီမိုကရေစီနိုင်ငံတွေမှာ သုံးလေ့ သုံးထမရှိဘူး။ အစိုးရက ပြည်သူ့ပိုက်ဆံသုံးပြီးတော့ ပြည်သူ့ဝန်ဆောင်မှုမီဒီယာဆိုတာကို စလုပ်ကတည်းက အဘက ကန့်ကွက်နေတာ။ ဒါက မရှိသင့်ဘူး။ ဒီမိုကရေစီနိုင်ငံမှာ မရှိသင့်ဘူး။ သတင်းစာပညာအရလည်း မရှိသင့်ဘူး။

မီဒီယာဆိုတာက မဏ္ဍိုင်ဖြစ်တယ်။ မဏ္ဍိုင်ဆိုတာက ဘယ်ဘက်ကိုမှ တိမ်းလို့မရဘူး။ ပြည်သူတွေကိုလည်း အမှန်ပေး ရမယ်။ အစိုးရကိုလည်း အမှန်ပြောရမယ်။ အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတာက မဖြစ်သင့်ဘူး၊ ဖြုတ်ပစ်ရမယ်။ ဒါကို တိုက်တွန်းသွားဦးမှာပဲ။

မော်ကွန်း။       ။တကယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကို နောက်အစိုးရကပြောင်းလဲမပစ်ဘူးဆိုရင် ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ဒီဝန်ကြီးဌာနကို ဦးဆောင်တဲ့သူဟာ ဘယ်လိုလူမျိုးဖြစ်သင့်လဲ။

ဦးခင်မောင်လေး။                       ။ဒီဝန်ကြီးဌာနကို ဦးဆောင်မယ့်သူဟာ အစိုးရသတင်းတွေကို မှန်မှန်ကန်ကန်အသိပေးနေတဲ့လူမျိုးပေါ့။ ပြည်သူတွေဘက်က ထင်ဟပ်လာမယ့် ပြည်သူတွေရဲ့သဘောထားတွေ၊ ဆန္ဒတွေနဲ့ အခက်အခဲတွေကိုလည်း အုပ်ချုပ်သူအစိုးရဘက်က သိအောင် ဆောင်ကျဉ်းပေးနိုင်မယ့်သူမျိုး ဖြစ်သင့်တယ်။ ဥပမာပေးပြောရရင် ဖဆပလခေတ်တုန်းက ဒီးဒုတ်ဦးဘချိုတို့လိုသတင်းစာဆရာကြီးတွေ၊ ဦးထွန်းဖေတို့လို့ လူမျိုးတွေ၊ အဲဒီလိုပုဂ္ဂိုလ်ကြီးတွေကို ပြန်ကြားရေးမှာထားတယ်။ နာမည်ကတော့ ပြန်ကြားရေးဝန်ကြီးပေါ့။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေဟာ အစိုးရကို ဒိုးဒိုး၊ ဒေါက်ဒေါက်ပြောတဲ့သူတွေ။

ဦးဘချိုဆိုရင်လည်း အစိုးရအဖွဲ့မှာ ပြန်ကြားရေးတာဝန်ယူထားပေမယ့် ပြည်သူတွေ ဘာဖြစ်နေတယ်၊ ဘာတွေလုပ်ပေးရမယ်ဆိုတာကို ဒိုးဒိုးဒေါက်ဒေါက်ပြောရဲတဲ့ သတ္တိရှိတယ်။ ဦးထွန်းဖေဆိုရင်လည်း ဒိုးဒိုး၊ဒေါက်ဒေါက် အစိုးရကို ပြောတယ်။ ပြောလွန်းအားကြီးလို့ အစိုးရနဲ့ မတည့်ဖြစ်ပြီး နောက်ဆုံး ဝန်ကြီးကနေ ထွက်လိုက်ရတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို ဦးဆောင်မယ့်သူက အဲဒီလိုလူမျိုးတွေဖြစ်သင့်တာပေါ့။ သတင်းစာဆရာ တစ်ယောက်ရဲ့စိတ်မျိုးရှိတဲ့သူကို ခန့်ထားသင့်တာပေါ့။

ဦးရဲနိုင်မိုး (ရန်ကုန်သတင်းစာသင်တန်းကျောင်း ညွှန်ကြားရေးမှူးနှင့် သင်တန်းဆရာ)

မော်ကွန်း ။       ။NLD ဦးဆောင်မယ့် ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားဖြစ်လာရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်ပုံစံဟာ ဘယ်လို ဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။

ဦးရဲနိုင်မိုး။         ။အစိုးရသစ်ရဲ့ ဆန္ဒသဘောတရားကိုတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ သေချာပေါက် ပြန်ကြားရေးနဲ့ပတ်သက်ရင် ကိုင်တွယ်ဖို့လိုအပ်တာတွေကတော့၊ အဓိကကတော့ Broadcast ဖြစ်တဲ့ တီဗီနဲ့ ရေဒီယိုစတေရှင်တွေနဲ့ ပတ်သက်ရင် သူတို့ကိုင်တွယ်ဖို့ လုပ်ရမှာပဲ။ လောလောဆယ်မှာ နိုင်ငံတော်ပိုင် ရုပ်သံအနေနဲ့ ရှိနေတဲ့ MRTV ပေါ့ဗျာ။ MRTV လို ဟာမျိုးက Public Service ဆိုတာကိုလည်း ပီပီပြင်ပြင်မလုပ်နိုင်သေးဘူး။

တကယ်တော့ နိုင်ငံတကာရဲ့ လုပ်ထုံးအနေနဲ့ ပြောမယ်ဆိုရင် တကယ်တမ်း Independent ပေါ့ဗျာ။ လွတ်လွတ် လပ်လပ်အမှီအခိုကင်းရမယ်။ အစိုးရရဲ့ ချုပ်ကိုင်မှုကို လုံး၀ ဖျောက်ချထားပြီးတော့၊ ဥပမာအားဖြင့် လွှတ်တော်က ပုံစံ တစ်မျိုးနဲ့ ဘတ်ဂျက်လုပ်ပြီးတော့ တကယ့်ကိုပဲ Public Service လုပ်ဖို့အတွက် ပြင်ဆင်ရမယ့်ဟာတွေကတော့ အသေအချာလုပ်ကိုလုပ်ရမှာပဲ။ နောက်ပြီးတော့ ဥပမာအားဖြင့် လက်ဝါးကြီးအုပ်ဆိုတဲ့ စကားလုံးကိုပဲ သုံးလိုက် တော့မယ်။ စကိုင်းနက်လို မီဒီယာအုပ်စုအဖွဲ့ပေါ့နော်။ အဲဒီလို အဖွဲ့တွေကို ဘယ်လိုသဘောထားနဲ့ ဆက်ပြီး ကိုင်တွယ်မလဲဆိုတာကလည်း အဓိက စိန်ခေါ်မှု တစ်ခုပဲ။

စိန်ခေါ်မှုလို့သုံးတဲ့အချက်က ဒီလိုအဖွဲ့တွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက လုပ်ထားခဲ့တာတွေ ဆိုတော့ နောက်ကွယ်မှာ အကျိုးစီးပွားတွေ ရှိကောင်းရှိနိုင်တာမို့ ဒါတွေကို ကိုင်တွယ်တဲ့အခါမှာ တစ်ဖက်မှာလည်း သတိထားဖို့ လိုလိမ့်မယ်။

နောက်နိုင်ငံတော်ပိုင် သတင်းစာတွေရှိတယ်။ နိုင်ငံတော်ပိုင်သတင်းစာတွေနဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးက ပုဂ္ဂလိကကို ပေးလိုက်တာ အကောင်းဆုံးပဲ။ အဲဒီလိုဟာတွေကို ဖြေရှင်းပြီးမယ်ဆိုရင်တော့ ပြန်ကြားရေးဝန်ကြီးဌာန ကို၊ သဘောက အစိုးရသစ်က ဆက်ရှိစေမလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တော့ မခန့်မှန်းနိုင်ဘူးဗျ။ ဒါပေမဲ့ဝန်ထုတ်ဝန်ပိုးမဖြစ်အောင်လို့ အထက်မှာပြောခဲ့တဲ့ ပြဿ      နာတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းလိုက်တယ်ဆိုရင်တော့ ဒီဝန်ကြီးဌာနအောက်မှာရှိတဲ့ တချို့လုပ်ငန်းတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းမလားပေါ့။

မော်ကွန်။        ။ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှာဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာရော ဆက်ရှိနေသင့်သလား။

ဦးရဲနိုင်မိုး။         ။ တကယ်တမ်းကတော့ သတင်းစာသမားအနေနဲ့ ပြောမယ်ဆိုရင် ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ အစိုးရက သတင်းစာထုတ်တယ်ဆိုတာမဖြစ်သင့်ဘူး။ ဒါကြောင့် သတင်းစာတွေကို ပုဂ္ဂလိကကို လုံးလုံးလျားလျားခွဲပေးလိုက်သင့်တယ်။

လောလောဆယ်မှာ ပြန်ကြားရေးဝန်ကြီးဌာနကို ဖြုတ်ပစ်လို့မရသေးဘူးဆိုတဲ့ အနေအထားက တချို့ဥပဒေတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနကို ထည့်ဆွဲထားတာတွေရှိတယ်။ ဥပမာ – သတင်းမီဒီယာကောင်စီဥပဒေလိုဟာမျိုးမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ အချက်တွေပါနေတယ်လေ။ အဲဒီလိုအချက်တွေပါနေသလို လိုင်စင် ထုတ်ပေးတာတွေ၊ ထုတ်ဝေရေးကိစ္စတွေကလည်း တစ်ဖက်မှာ ရှိနေသေးတယ်။

ဒါပေမဲ့ အထက်မှာ ပြောတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်လိုက်တယ်ဆိုရင်တော့၊ ဥပမာ နေ့စဉ်သတင်းစာတွေကို ပုဂ္ဂလိကကို ပြန်ပေးလိုက်မယ်၊ Broadcast Media လိုဟာမျိုးကို အစိုးရက ဦးဆောင်နေတာမဟုတ်ဘဲနဲ့ တကယ့်ပြည်သူလူထုကို ဝန်ဆောင်မှုပေးမယ့် ပြည်သူ့ဘဏ္ဍာနဲ့ ရပ်တည်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတည်ထောင်နိုင်အောင်လုပ်နိုင်ရင် ပြန်ကြားရေးဝန်ကြီးဌာနက အခုလုပ်နေတဲ့ ဝန်ထုပ်တွေ တော်တော် လျော့ကုန်ပြီ။ ဥပမာ တချို့သော လိုင်စင်ထုတ်ပေးတဲ့ကိစ္စ၊ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စတွေတော့ရှိဦးမှာပေါ့။ ဒါတွေကိုလည်း တခြားဝန်ကြီးဌာနတစ်ခုနဲ့ လုပ်လိုက်မလား၊ အဲဒါမျိုးဆိုရင် အဖြေတစ်ခုဖြစ်ကောင်းဖြစ်မယ်။

အထက်မှာ ပြောခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးတွေလျော့သွားပြီဆိုရင် တကယ်တမ်း ကျွန်တော်တို့ဆီမှာ ထပ်လုပ်သင့်တာက ဥပမာ မြန်မာစကားကိုမပြောကြတဲ့ တိုင်းရင်းသားတွေအတွက် Community Radio ပေါ့ဗျာ။ သူတို့လူ့ဘောင်အသိုင်း အဝိုင်းတွေအတွက် သူတို့ဘာသာစကားနဲ့ Radio တွေလုပ်ပေးတာမျိုးတွေဘက်ကို ဦးစားပေးပြီးတော့ လုပ်ပေးတာ မျိုးတွေ လုပ်သင့်တယ်လို့ ထင်တာပါပဲ။ သတင်းစာကို အစိုးရက လုပ်နေတာကတော့ မရှိသင့်ဘူးဆိုတာ သေချာ တယ်။

မော်ကွန်း။       ။တကယ်လို့ ဒီဝန်ကြီးဌာနကဆက်ရှိနေမယ်ဆိုရင် အဲဒီဝန်ကြီးဌာနကို ဦးဆောင်မယ့် ဝန်ကြီးဟာ ဘယ်လိုလူမျိုး ဖြစ်သင့်သလဲ။

ဦးရဲနိုင်မိုး။         ။အဲဒီဝန်ကြီးဌာနကို ဦးဆောင်မယ့်လူမျိုးဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့အထက်မှာ ပြောခဲ့တဲ့ပြဿ      နာတွေကို ဖြေရှင်းနိုင်တဲ့သူ။ သဘောကတော့ သူဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အရေးပါအရာရောက်မှုတွေကို စနစ်တကျ ဖြေလျှော့ချနိုင်တဲ့ လူမျိုးဖြစ်သင့်တာပေါ့။ မဟုတ်ရင် ပြန်ကြားရေးဝန်ကြီးဌာနဟာ ဘယ်အစိုးပဲတက်တက်၊ အဲဒီအစိုးရရဲ့ အာဘော်ကို ထုတ်ပေးနေတဲ့ ဝန်ကြီးဌာနမျိုးဖြစ်နေတာမကောင်းဘူး။ အဲဒီတော့ အခု အသစ်တက်မယ့်ဝန်ကြီးဟာ အဲဒါတွေကို ပြန်လည်ပြုပြင်ပြောင်းလဲပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချတာ၊ ပုဂ္ဂလိကတွေကိုပြန်ပြီး အစားထိုးပေးတာ၊Broadcast မှာ လက်ဝါးကြီးအုပ်နေတဲ့ ဝါဒတွေကို တစ်ဆင့်ချင်း ပြဿ      နာမဖြစ်ဘဲ ပြန်ပြီး ဖြေလျှော့ဖို့ကို ထည့်သွင်းစဉ်းစားနိုင်သူ၊ လုပ်နိုင်တဲ့စွမ်းရည်ရှိတာတော့ အကောင်းဆုံးပါပဲ။

ဦးကျော်မင်းဆွေ (The Voice Daily သတင်းစာအယ်ဒီတာချုပ်)

မော်ကွန်း။       ။NLD အစိုးရဦးဆောင်မယ့် ဒီမိုကရေစီယန္တရားအောက်မှာဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်ပုံစံက ဘယ်လို ဖြစ်သင့်ပါသလဲ။

ဦးကျော်မင်းဆွေ။           ။ ဒီမိုကရေစီစနစ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ဘယ်လိုမှ သဟဇာတမဖြစ်ဘူး။ ဒါက အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ၊ တစ်ပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေ ၊ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတစ်ချို့မှာပဲ ဒီလို ပြန်ကြားရေးဝန်ကြီး ဌာနဆိုတာ ရှိတယ်။ ဒေသတွင်းပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ လာအိုမှာတောင်မှ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာမရှိဘူး။ နောက် စင်္ကာပူလိုပေါ့။တစ်ပါတီလိုပဲ တစ်လျှောက်လုံး ကျင့်သုံးခဲ့တဲ့ စင်္ကာပူလို နိုင်ငံမှာတောင်မှ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိဘူး။ ကျွန်တော်အမြင်အရပြောရရင် ဒီမိုကရေစီစနစ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ဘယ်လိုမှ မဆီလျော်မအပ်စပ်ဘူး။

NLD အနေနဲ့ အရှေ့အစိုးရအသစ်စပြီး ဖွဲ့ပြီဆိုလို့ရှိရင် ဒီကိစ္စတွေကို ရင်ဆိုင်ရမယ်။ ရင်ဆိုင်တဲ့အခါမှာ ကျွန်တော် အမြင်အရဆိုလို့ရှိရင်  ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မလိုအပ်ဘူးလို့ ယူဆတယ်။

ဒါကတော့ စံနှုန်းလို့ပဲပြောပြော၊ လက်တွေ့ဆောင်ရွက်တဲ့အခါမှာလည်း တွေ့မြင်နေရတာပဲ။ ဘာကြောင့်လဲဆိုရင် နှစ်ပေါင်းများစွာကြာအောင် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ အစိုးရရဲ့ ဝါဒဖြန့်ချိရေးယန္တရားအနေနဲ့ ရှိခဲ့တာ။ NLD  ပါတီအနေနဲ့ကလည်း မေးစရာမေးခွန်းတစ်ခုက သူအစိုးရဖြစ်လာတဲ့အခါမှာရော သူ့အစိုးရအတွက် ၊ သို့မဟုတ် သူ့ ပါတီအတွက် ဝါဒဖြန့်ချိပေးတဲ့ ယန္တရားအဖြစ် ဆက်မသုံးနိုင်ဘူးလားဆိုတာပါ။ ဒါဟာ မေးစရာကောင်းတဲ့မေးခွန်းပေါ့။ NLD ကလည်း ဒီကိစ္စကို ပါးနပ်၊ ထက်မြက်၊ လိမ္မာတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။

ဆိုကြပါစို့၊ ဝန်ကြီးဌာနကြီးတစ်ခုလုံးကို ဖြုတ်သိမ်းပစ်တာမျိုးမဟုတ်ဘဲနဲ့ ဝန်ကြီးဌာနရဲ့ အဆင့်ကိုလျှော့ချတာ။ လျော့ချတယ်ဆိုတာက နိုင်ငံတာ်မှာ မလိုလားအပ်ဘဲနဲ့ အစိုးရယန္တရားကြီးက သိပ်ကြီးပြီးတော့ ၊ ဒီအစိုးရယန္တရားကြီး က သိပ်ကြီးပေမယ့် ကြီးသလောက် Effective မဖြစ်ဘူး။ Performance က မကောင်းဘူး။ အဲဒီအတွက် တိုင်းပြည် ဘဏ္ဍာငွေတွေက အလဟဿ၊ အဟောသိကံ ဖြစ်ရတယ်။ ဒါကို ငြင်းလို့မရဘူး။

ဒါဟာ တိုင်းပြည်မှာ ဝန်ကြီးဌာနတွေဖောင်းပွနေတာ။ ဥပမာဆိုရင် သမ္မတရုံးဝန်ကြီးဌာနဆိုရင် ပြည်ထောင်စုဝန်ကြီး ကပဲ ခြောက်ယောက်လောက်ဖြစ်နေတာလေ။ ဒါက မလိုအပ်တဲ့ ဖောင်းပွမှုတွေ။

ကျွန်တော်အနေနဲ့ကတော့ ဒီလိုဟာမျိုးလုပ်တယ်ဆိုရင် NLD အနေနဲ့ကတော့ လုံးဝကြီး ဖျက်သိမ်းပစ်တာမျိုး လုပ်ချင်မှ လုပ်လိမ့်မယ်။ သို့သော်လည်း NLD ဘာလုပ်သင့်သလဲဆိုတော့ ဌာနကြီးတစ်ခုအနေနဲ့ အဆင့်ပြောင်းပစ် တာ။ ဥပမာအားဖြင့် စင်္ကာပူ Model ပေါ့ဗျာ။ စင်္ကာပူမှာဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိဘူး။ ဘာပဲရှိလဲ ဆိုရင် PR Department။ PR Deparment ဆိုတာက ဘယ်မှာရှိသလဲဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာန အောက်မှာ ရှိတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနဆိုတာကလိုအပ်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုလို့ ပြောစရာရှိတာတွေက အများကြီးရှိတာကိုး။ ပြန်ကြားရေးဟာ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဦးစီးဌာန ကြီးတစ်ခုအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။

ဒါပေမဲ့ မလိုလားအပ်တဲ့ အစိုးရသတင်းစာတို့၊ ပြန်/ဆက်ရုံးဆိုတာတွေကတော့ တိုင်းပြည်ရဲ့ဘဏ္ဍာတွေက နှစ်စဉ် ဆုံးရှုံးနေတယ်။ ဒါပေမဲ့ ပြည်သူလူထုအတွက်မထိရောက်ဘူး။ ပြည်သူလူထုအတွက်မထိရောက်ဘဲနဲ့ အစိုးရဝါဒဖြန့် ရေးသက်သက်ဖြစ်နေတယ်။ အစိုးရဝါဒဖြန့်ချိရေးဆိုတဲ့ဟာမှာလည်း တကယ့်ကို ပြည်သူလူထုတွေနဲ့ နိုင်ငံတော် အကျိုးအလို့ငှာ ဖြစ်သင့်တာလေ။

အခုတော့ ပြည်သူလူထုအနေနဲ့လည်း ဒီအပေါ်မှာ ယုံကြည်မှုမရှိဘူးပေါ့။ ထိရောက်မှုလည်းမရှိဘူး။ တက်လာတဲ့အစိုးရအတွက် ဝါဒဖြန့်တယ်ဆိုပေမယ့်လည်း တချို့ဝါဒဖြန့်ချိတာတွေက အစိုးရ ဂုဏ်သိက္ခာမတက်ဘဲနဲ့ ဂုဏ်သိက္ခာပိုကျသွားစေတဲ့ သာဓကတွေက ပိုများတယ်။ ဆိုလိုချင်တာက အာဏာရှင်အစိုးရသည်ပင်လျှင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မဆင်မခြင်လုပ်ရပ်တော်တော်များများကြောင့် အစိုးရသိက္ခာ မတက်ဘဲနဲ့ အစိုးရသိက္ခာကိုပါ ချသလိုဖြစ်နေတဲ့ကိစ္စတွေရှိတယ်။ ဘာကြောင့်လဲဆိုရင် ဒါက PR ကို နားမလည်တာ။ PR နဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနဖြစ်ပေမယ့် PR ကို နားမလည်တဲ့အခါကျတော့ ကက်ကက်လန်၊ ရန်ထောင်တဲ့ ဝန်ကြီး ဌာနအဆင့်ဖြစ်ခဲ့တာတွေရှိတယ်။ တစ်လောကလုံးသိနေတဲ့ကိစ္စကို၊ ဖြစ်နေတဲ့ကိစ္စကို မဖြစ်ဘူး၊ မရှိဘူးလို့ ဗြောင်ငြင်းတဲ့ ကိစ္စတွေ လုပ်ခဲ့တယ်။

နောက်တစ်ခါ ဒီကာလအတောအတွင်းမှာတောင်မှ လက်ပံတန်းကိစ္စလို၊  ပုဂ္ဂလိက မီဒီယာတွေက အုံးအုံးကျွက်ကျွက်ဖော်ပြနေတဲ့ဟာကို ပြန်ကြားရေးက တစ်ဖက်သတ်ဖော်ပြခဲ့တယ်။  ဆိုလိုချင်တာက ဒီဟာကိုယ်၌က အစိုးရပြန်ကြားရေး၊ ဝါဒဖြန့်ချိရေးဆိုပေမယ့်လည်း အစိုးရရဲ့သိက္ခာကို ပြန်ချသလိုဖြစ်နေတယ်။ အာဏာရှင်အစိုးရ တွေအတွက်တောင် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ၊ကျွန်တော်ထင်တယ် သူတို့ကတော့ ဝါဒဖြန့်ချိရေးယန္တရားအနေနဲ့ သုံးပေမယ့်၊ အဲဒီရည်ရွယ်ချက်ကို မသွားဘဲနဲ့ နောက်ပြန်သွားနေတယ်လို့ မြင်တယ်။

ထုတ်ပြန်ချင်တဲ့ကိစ္စမျိုးဆိုရင် Department တစ်ခုအနေနဲ့ သီးခြားသွားတာမျိုးကို စဉ်းစားတာ ပိုကောင်းမယ်ထင် တယ်။ ကျွန်တော်ကတော့ဒါကိုဖြစ်နိုင်ချေရှိတဲ့လမ်းကြောင်းလို့ မြင်တယ်။ လုံး၀ ဝန်ကြီးဌာနကြီးတစ်ခုလုံးကို ဖျက်သိမ်းပစ်တာကြတော့လည်း ဌာနမှာရှိတဲ့ဝန်ထမ်းတွေရှိမယ်။ တစ်ခြား အရင်အစိုးရလုပ်ထားတဲ့ဟာကို ချက်ခြင်း ဒီလိုဖျက်သိမ်းတဲ့အခါမှာ နားလည်မှုလွဲပြီးတော့ တင်းမာမှုတွေဖြစ်နိုင်တယ်။ ဒါမျိုးတွေကို ရေရှည်စဉ်းစားကြည့်ရင်ပေါ့။

မော်ကွန်း။       ။တကယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနဆက်ရှိမယ်ဆိုရင် ဒီဌာနကို ဦးဆောင်မယ့် သူဟာ ဘယ်လို လူမျိုးဖြစ်သင့်ပါ သလဲ။

ဦးကျော်မင်းဆွေ။           ။ ကျွန်တော်ကတော့ ဒီလိုဝန်ကြီးဌာနဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့တော့ ဘယ်လိုမှ မသင့်လျော်ဘူး။ မလိုအပ်ဘူး။ လိုကိုမလိုတာ။ အစိုးရက သူ့အလုပ်သူလုပ်နေရင်၊ ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်နေရင် ဝါဒဖြန့်ချိစရာမလိုဘူး။ အစိုးရလုပ်ဆောင်နေတာကို သူ့ရဲ့ သက်ဆိုင်ရာ Department အလိုက် ၊ သူ့ရဲ့ ဝန်ကြီးဌာနအလိုက် သတင်းထုတ်ပြန်ပေးနေဖို့ပဲ လိုတယ်။ ဆိုလိုတာက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့က ဝန်ကြီးဌာနအားလုံးလုပ်တာကို သူတစ်ယောက်ထဲ ဘယ်လိုမှ မသိနိုင်ဘူး။ အဲဒီတော့ ဝန်ကြီးဌာန တစ်ခုချင်းစီမှာ PR Department တွေခွဲပြီးထားလိုက်လို့ရှိရင် PR Department က လူက ဒီဝန်ကြီးဌာနရဲ့ ဘာတွေလုပ်နေလဲဆိုတာကို သိမယ်။ မီဒီယာတွေနဲ့ဆက်ဆံမယ်။ သတင်းတွေထုတ်ပြန်မယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ဒီလိုပဲ လုပ်သွားလို့ ရတယ်လေ။ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ လိုကိုမလိုဘူး။

ဦးသီဟစော (မြန်မာသတင်းစာပညာသိပ္ပံကျောင်း အမှုဆောင်ညွှန်ကြားရေးမှူး)

မော်ကွန်း။       ။NLD အစိုးရဦးဆောင်မယ့် ဒီမိုကရေစီယန္တရားအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်ပုံစံက ဘယ်လို ဖြစ်လာ မယ်လို့ ထင်ပါသလဲ။

ဦးသီဟစော။      ။သူက ဒီမိုကရေစီအစိုးရ စစ်စစ်ဖြစ်လာမယ်ဆိုရင်တော့ အဲဒီပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံတွေကို အများကြီး ပြုပြင်ရလိမ့်မယ်။ အများကြီးပြင်ရလိမ့်မယ်ဆိုတာက ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ တကယ်ဆိုရင်တော့ တစ်ပါတီစနစ်တို့၊ အာဏာရှင်စနစ်တို့ရဲ့ အရိပ်အောက်မှာပဲ ဝါဒဖြန့်ချိဖို့အတွက်ထားတဲ့ဟာ။ အခုက အဲဒီအလုပ်မရှိတော့ဘူးပေါ့။ ဒါပေမဲ့ သူ့ရဲ့အောက်မှာ ဦးစီးဌာနတွေရှိတယ်။

နှစ်မျိုးမြင်တယ်။ တစ်မျိုးကတော့ ဒီအသံလွှင့်တာတို့၊ သတင်းစာတို့ စသည်ဖြင့်ပေါ့။ အဲဒါတွေက အများပြည်သူဝန်ဆောင်မှုဆိုတာနဲ့ ခွဲထွက်သွားရမှာပေါ့။ Public Service ဆိုတာလုပ်ရတော့မှာကိုး။ ဥပမာ VOA တို့၊ BBC တို့ အဲဒါမျိုးတွေပေါ့။ အစိုးရအောက်မှာ မထားတော့ဘူး။

နောက်တစ်ခုက ပြည်သူ့ဆက်ဆံရေးဆိုတဲ့ PR Department ဆိုတာ လုပ်ရမယ်။ Public Relation တွေက အရင် အစိုးရလက်ထက်မှာလည်း ဒီပြန်ကြားရေးဝန်ကြီးဌာနအောက်က သတင်းတွေအကုန်လုံးကို ထုတ်ပြန်ပေးနေတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက သုံးဆယ်ကျော်ရှိနေတယ်။ PR ကို အဲဒီဝန်ကြီးဌာနတွေမှာ သွားလုပ်ရမှာ ။ ဝန်ကြီးဌာနတစ်ခုတိုင်းမှာ PR ဌာနလုပ်ပြီး ပြန်ကြားစရာရှိတာတွေကို ပြန်ကြားရမှာ။ အစိုးရသစ်တက်လာရင် အဲဒီလို ပုံစံပြောင်းမယ်လို့ မြင်တယ်။

မော်ကွန်း။       ။ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားအောက်မှာ ဒီလို ဝန်ကြီးဌာနမျိုးကရော ဆက်ရှိနေပေးဖို့ သင့်တယ်လို့ထင်လား။

ဦးသီဟစော။      ။ မရှိရဘူး။ မရှိဘူးဆိုတာက ဒီမိုကရေစီနိုင်ငံဖြစ်သွားလို့ရှိရင် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိဘူး။ တစ်ချို့ဌာနတွေက ယဉ်ကျေးမှုနဲ့ဆိုင်ရင် ယဉ်ကျေးမှုအောက်ရောက်သွားတယ်။ သက်ဆိုင်ရာအလိုက် ခွဲထုတ်ပြီးတော့ သွားရတယ်။ ပြန်ကြားရေဝန်ကြီးဌာနဆိုတာမျိုးက တရုတ်လိုကွန်မြူနစ်တစ်ပါတီစနစ်အောက်မှာပဲရှိတယ်။ အခြားဂျပန်လို၊ ဗြိတိန်လို၊ အမေရိကန်လိုနိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိဘူး။ ရေရှည်မှာ အဲဒီလိုပဲ ဖြစ်သွား မယ်ထင်တယ်။

ဦးမြင့်ကျော် (မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင်နှင့် သင်တန်းဆရာ)

မော်ကွန်း။       ။NLD အစိုးရဦးဆောင်မယ့် ဒီမိုကရေစီအစိုးရအုပ်ချုပ်ရေးယန္တရားအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်ပုံစံ ဘယ်လိုဖြစ်လာမယ်လို့ ထင်ပါသလဲ။

ဦးမြင့်ကျော်။      ။ကျွန်တော်အမြင်မှာတော့ ဝန်ကြီးဌာနကြီးတစ်ခုလုံး ဖျက်သိမ်းလိုက်တာမျိုးတော့ ဖြစ်မယ်မထင်ဘူး။ လုပ်ရင်တော့ ပထမဆုံး ဝန်ကြီးဌာနအလိုက် Press Office လို့ခေါ်တဲ့ သတင်းပြန်ကြားရေးဌာနတွေ သူတို့ဖွဲ့ပေးရမှာပေါ့။ သတင်းမီဒီယာကို တိုက်ရိုက်ဆက်ဆံနိုင်တဲ့ အရည်အချင်းမျိုးရှိအောင် လုပ်ပေးရမယ်။ နောက် မူတွေချပြီး လုပ်ပေး ရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနက မလိုအပ်တော့ဘူးပေါ့။

နောက်တစ်ခု NLD လက်တွေ့ဖြေရှင်းရမယ့် ကိစ္စတွေကတော့ ဝန်ထမ်းတွေပေါ့။ အဲဒီဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေ။ ဘယ်လိုမျိုးပြန်လည် နေရာချမလဲဆိုတဲ့ ဟာမျိုးလည်း အသစ်တက်လာမယ့် အစိုးရက ဖြေရှင်းရမယ်။ နောက် ရှိနေတဲ့ပိုင်ဆိုင်မှုတွေ၊ စက်ပစ္စည်းတွေပေါ့။ ဥပမာ ရုပ်သံတွေ၊ သတင်းစာတွေပေါ့။ အဲဒါတွေကို အများပိုင် စီးပွားရေးလုပ်ငန်းလိုမျိုးအသွင်ပြောင်းတာမျိုး၊ အဲဒီလိုဟာတွေ လုပ်ဖို့လိုလိမ့်မယ်။ အဲဒီဟာတွေကို တက်လာမယ့် အစိုးရသစ်က တစ်ပြိုင်နက်လုပ်မလား၊ တစ်ဆင့်ချင်းလုပ်မလားဆိုတာကတော့ မပြောတတ်ဘူး။ သူတို့ တက်လာတဲ့အစိုးရအပေါ်မှာ မူတည်တယ်။

မော်ကွန်း။       ။ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားအောက်မှာ ဒီလို ဝန်ကြီးဌာနမျိုးကရော ဆက်ရှိနေပေးဖို့ သင့်လား။

ဦးမြင့်ကျော်။        ။ရေရှည်မှာတော့ မလိုဘူး။ ဌာနအလိုက်၊ သူဘာသာ မီဒီယာနဲ့ ဆက်ဆံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် လုပ်ရမှာပေါ့။ အစိုးရဝါဒဖြန့်ပေးတဲ့ သတင်းစာတို့၊ ရုပ်သံတို့ဆိုတာလည်း မလိုဘူး။ သို့သော် လူအများသိသင့်သိထိုက်တဲ့ဟာ၊ Public Service၊တကယ် လွတ်လပ်စစ်မှန်တဲ့ဟာမျိုးတော့ လိုအပ်နိုင်တယ်။

အဲဒီလို လုပ်နိုင်တဲ့ အနေအထားရှိရင်တော့ လိုအပ်တယ်။ မလုပ်နိုင်ရင်တော့ ဒီဝန်ကြီးဌာနက မရှိတာကောင်းတယ်။ အစိုးရရဲ့ ဝါဒဖြန့်ပေးရုံသက်သက်နဲ့ကတော့ မရှိတာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည် ဘတ်ဂျက်တွေကုန်နေတာလေ။ နှစ်စဉ် သိန်းပေါင်းများစွာ ဒီဌာနက သုံးနေတာလေ။ တိုင်းပြည်ဘတ်ဂျက် နစ်နာတာပေါ့။ ကျွန်တော်အမြင်ကတော့ Broadcasting ဌာနလိုမျိုး၊ အစိုးရရဲ့ Statement (ထုတ်ပြန်ချက်)တွေ ထုတ်ပြန်တဲ့ဟာလိုမျိုး၊ နောက်တစ်ခုက အစိုးရအဖွဲ့ကိုယ်စား၊ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်းလုပ်နိုင်တဲ့ သူတွေတော့ လိုတာပေါ့။ အခုလို တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြန်ဆက်တို့၊ဘာတို့၊ညာတို့ အဲဒါမျိုးတွေတော့ မလိုအပ်ပါဘူး။      ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."