မိုးကုတ်-၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မိုးမိတ်မြို့နဲ့ မိုင် ၃၀ ဝန်းကျင်သာဝေးတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်ပေါ်လာမှာစိုးလို့ ဒေသခံအများစု ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်အနီးမှာရှိတဲ့ ရွာတွေကဒေသခံတွေထက် မြို့ပေါ်မှာနေထိုင်ကြသူတွေအများစု ရှောင်ကြတာများတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မြို့ထဲပိုင်းကလူတွေကတော့ ရှောင်ကုန်ကြပြီ။ မိုးမိတ်လို ဝုန်းဒိုင်းထဖြစ်မှာစိုးလို့လေ။ ဖြစ်ရင်(စစ်ကောင်စီတပ်တွေက) ရမ်းသမ်းပစ်တာကိုး။ မြို့ထဲကျန်တဲ့သူကတော့ ကျန်ပါသေးတယ်။ လူပိုရှင်းသွားတယ်။ ကိုယ်တွေတောင် ဘယ်သွားရမလဲမသိဘူး။ စားစရာတချို့တော့ ဝယ်စုထားတယ်။ ရွာတွေဘက်တော့ ရှောင်တဲ့လူသိပ်မရှိသေးဘူး” လို့ သူကပြောပါတယ်။
မိုးမိတ်မှာ မြို့ပေါ်တိုက်ပွဲတွေဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မိုးကုတ်မြို့ပေါ်မှာ စစ်အင်အားတိုးချဲ့နေသလို အစစ်ဆေးပိုတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
မိုးကုတ်မြို့ပေါ်တိုက်ပွဲတွေဖြစ်လာရင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒေသခံတချို့ဟာ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေပါ တူးနေကြပြီလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“အစောင့်ကျန်ခဲ့တဲ့သူတချို့လည်း လေယာဉ်ကြောက်လို့ အိမ်တွေမှာ ဗုံးခိုကျင်းတူးကြတာတွေရှိတယ်။ ရွာတွေဘက်က သူတို့တပ်စွဲတာနည်းတော့ သိပ်မရှောင်ကြဘူး။ လေယာဉ်ပဲကြောက်ရတာ။ တနေ့ကမိုးကုတ်ကို စစ်သားတွေအများကြီးရောက်လာတာ။ စစ်ကား ၁၅ စီးနဲ့ထပ်ရောက်လာတာ။ မြို့ပေါ်ရပ်ကွက်တွေတော့ အခုရက်ထဲညပိုင်းဆို ဧည့်စာရင်းပိုစစ်တယ်” လို့ သူကဆိုပါတယ်။
မိုးမိတ်မြို့ပေါ်မှာ အခုလ ၁၈ ရက်ကစပြီး KIA နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် မိုးမိတ်မြို့ထဲကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ-မိုးကုတ်မြို့မြင်ကွင်း။
Photo – Supplied

