ရန်ကုန်-၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း)
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ ၂၂ ဦးသေပြီး ရွှေပန်းတောရွာမှာ နှစ်ဦးသေခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) ဒီနေ့လယ်မှာ သတင်းထုတ်ပြန်ပါတယ်။
သူတို့ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာရဲစခန်းကို မနေ့ကညနေပိုင်းမှာ ကြဲချတဲ့ စစ်ကောင်စီဗုံးကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားတွေအပါအဝင် စစ်ဆေးဆဲသံသယတရားခံ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီးတစ်ဦးသေပြီး ဒဏ်ရာရသူ ၃၀ ဝန်းကျင် ရှိတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
ဒါအပြင် ရွှေပန်းတောရွာကို မနေ့တုန်းက ကြဲချတဲ့ဗုံးကြောင့် အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးသေခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီလ ၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ MDY-PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ကလေးတစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သလို မတ္တရာမြို့ပေါ်ကနေ လက်နက်ကြီးအသုံးပြု ပစ်ခတ်တာကြောင့် အဲဒီရွာမှာပဲ ပြည်သူအမျိုးသားတစ်ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
မိုးရာသီ ဧရာဝတီမြစ် ရေများချိန်ကို အသုံးချပြီး မြန်မာပြည်အထက်ပိုင်းကို ဆန်တက်နေတဲ့ စစ်သင်္ဘောနဲ့ ရိက္ခာ၊ လက်နက်သယ်တဲ့ စစ်ကောင်စီရေယာဉ်တွေကို MDY-PDF က ဒီလ ၂၀ ရက်မှာ ကြားဖြတ်တိုက်ခိုက်တာကြောင့် ရိက္ခာတင် သင်္ဘောတစ်စီးမြုပ်ခဲ့သလို စစ်သင်္ဘောတစ်စီးနဲ့ အခြားတွန်းသင်္ဘောနှစ်စီး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါအပြင် ဒီလ ၂၁ ရက်က စပြီး မန္တလေးမြို့နဲ့ ၁၅ မိုင်လောက်အကွာ၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေထဲက စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်းအများအပြားကို MDY-PDF က ဖမ်းဆီးနိုင်ခဲ့ပြီး ဒီစခန်းတွေပြန်ရဖို့ မြေပြင်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီကို ဒီနေ့အထိ ဟန့်တားခုခံနေပါတယ်။

ပုံစာ- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံလှနဲ့ရွှေပန်းတောရွာ ပျက်စီးမှုမြင်ကွင်း။
ဓါတ်ပုံ- MDY-PDF

