ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၁ (မော်ကွန်း)
ရက်ပိုင်းအတွင်း စံချိန်တင်မိုးရွာသွန်းတာကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ စပါးစိုက်ခင်းအများအပြား ပျက်စီးသွားပြီး စပါးအထွက်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ တောင်သူတွေနဲ့ လယ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ ပဲခူးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် မိုးစပါးစိုက်ဧက ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် စပါးစိုက်ခင်းအားလုံးနီးပါး ရေဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတည်ထောင်သူ မစုစုနွေးက မော်ကွန်းကိုပြောပါတယ်။
“အရင်တည်းက မြေဆီလွှာတွေ ပျက်စီးသွားလို့ အထွက်နှုန်းက တစ်နှစ်တစ်နှစ် တိုးမထွက်ဘဲ ဆုတ်ပြီးထုတ်နေတဲ့အချိန်မှာ သဘာဝဘေးအန္တရာယ်ကြောင့် အထွက်နှုန်းက ထက်ဝက်ကျော်ကျော်လောက် ကျသွားနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ယခုလဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ကာ ပဲခူးမြို့တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်ခဲ့ပြီး ပဲခူးမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာလည်း ရေကြီးနစ်မြုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ပဲခူးတိုင်းအပြင်၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ် တွေမှာလည်း မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုတွေ ရှိနေပါတယ်။
လှည်းကူးမြို့နယ်က စပါးစိုက်တောင်သူတစ်ဦးကတော့ ရေကြီးနစ်မြုပ်မှုကြောင့် ယခုနှစ် မိုးစပါး ဧက ၁၀၀ ကျော်ပျက်စီးသွားတယ်လို့် မော်ကွန်းကို ပြောပါတယ်။
“အကုန်ပဲ ရေတွေဝင်ပြီး ပျက်စီးကုန်တာ။ ကျွန်တော်တို့ဘက်မှာ ဧက ၁၀၀ ကျော် ပျက်တယ်။ အခြားရွာတွေလည်း ရေတော့ဝင်မှာပဲ ရေက လူတစ်ရပ်နီးပါးထိ တက်လာတာ။ လယ်တွေအကုန်လုံးနီးပါး ရေဝင်ကုန်တယ်။ စပါးပင်တွေအကုန်လဲကုန်တယ်။ ပျက်စီးမှုတော့ ပြန်တွက်ကြည့်ရမယ်။ ပြန်ပြီး ရိတ်သိမ်းလို့ရမရဆိုတာ ပြန်ကြည့်ရမယ်” လို့ အဆိုပါ စပါးစိုက်တောင်သူက ပြောပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဆန်စပါးကို အဓိကစိုက်ပျိုးပြီး မိုးစပါးစိုက်ဧကပေါင်း ၁၆ သိန်းကျော်ရှိကာ ကြံပင်နဲ့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ဒူးရင်း၊ မင်းဂွတ်သီး၊ ကြက်မောက်သီးတွေကိုလည်း အဓိက စိုက်ပျိုးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ပဲခူးမြစ်ရေကြီးတာကြောင့် ယခုလ ၈ ရက်ကစပြီး ပဲခူးမြစ်နဲ့ ဆက်စပ်တဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ဒေသတွေ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကာ ပဲခူးမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ကျော်ဖွင့်လှစ်ထားပြီး ပဲခူးမြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ရေဘေးဒုက္ခသည် ၁၃,၀၀၀ ကျော်ထိရှိနေတယ်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ယခုနှစ်မေလပိုင်းက ရခိုင်ကမ်းရိုးတန်းကို မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်ကလည်း ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေး၊ ချင်းတို့မှာ ရေလွှမ်းမိုးမှုတွေကြောင့် စိုက်ပျိုးမြေ ဧက ေလးသောင်းကျော် ပျက်စီးကာ ကျွဲနွားကောင်ရေ ၂,၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ပုံစာ – လှည်းကူးမြို့နယ်က ရေနစ်မြုပ်ပြီး ပျက်စီးနေတဲ့ စပါးခင်း
ဓာတ်ပုံ – ပေးပို့

