မန်တုံ – ၂၀၂၃ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
လေးရက်ကြာတိုက်ခိုက်ပြီးနောက်မှာ မန်တုံမြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မန်တုံမြို့က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာမှူးအခြေချကွပ်ကဲတဲ့စခန်းကို ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ ဒီဇင်ဘာ ၁၉ က စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာမှာတော့ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၂၆၀ ကျော်ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Y-12 လို အပေါ့စားလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အကြိမ် ၁,၀၀၀ ကျော်ပြုလုပ်ခဲ့ကာ စံချိန်တင်လေကြောင်းတိုက်ခိုက်မှုလို့ TNLA ကထုတ်ပြန်ပါတယ်။
လေကြောင်းပစ်ကူတွေအပြင် ဟောင်ဝစ်ဇာလက်နစ်ကြီးတွေနဲ့လည်း ရာကျော်အောင်ပစ်ကူပေးခဲ့ရပြီး Mi-17 ရဟတ်ယာဉ်တွေနဲ့ပါ စစ်ကူတွေ၊ လက်နက်၊ ရိက္ခာတွေ လာရောက်ပို့ဆောင်ပေးခဲ့ရပေမယ့် အာဏာသိမ်းစစ်တပ်ဘက်က ရှုံးနိမ့်ခဲ့ရပါတယ်။
နှစ်ဘက် ထိခိုက်သေဆုံးမှုတွေကိုတော့ ထုတ်ပြန်ချက်မှာ မပါရှိသေးပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်၊ ဘုရားကျောင်းကန်တွေလည်းပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က အထိုင်ချထားတဲ့ ၁၅၅ ဟောင်ဝစ်ဇာ လက်နက်ကြီးနှစ်လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိပြီး မန်တုံမြို့ကို အလုံးစုံထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ထားပါတယ်။
TNLA ဟာ မိုင်းလုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့တွေကို သိမ်းပိုက်ပြီးနောက်မှာ အခုနောက်ဆုံး မန်တုံမြို့ကို စတုတ္ထမြို့အဖြစ် သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။
ပုံစာ – သိမ်းဆည်းရမိသော လက်နက်ကြီးများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – TNLA

