ရန်ကုန် – ၂၀၂၃ ဇန်နဝါရီ ၁၆ (မော်ကွန်း)
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့်ကျောင်းသားတွေကို စာစစ်ဌာနပြောင်းလဲဖြေဆိုခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
ဒေသတွင်းအခြေအနေတွေကြောင့် လာမယ့်မတ်လအတွင်းကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ပြောင်းရွှေ့ဖြေဆိုလိုသူတွေ သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်ပညာရေးမှူးရုံးတွေမှာ အချိန်မီလျှောက်ထားနိုင်တယ်လို့ သူရဲ့ Facebook မှာ အသိပေးထားတာပါ။
စာဖြေဌာန ပြောင်းလဲဖြေဆိုခွင့်ကို ကိုယ်တိုင် (သို့မဟုတ်) မိဘအုပ်ထိန်းသူက လျှောက်ထားရမှာလို့ စစ်တွေခရိုင် ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“စာစစ်ဌာနတွေက အခုလည်းအတည်မဟုတ်သေးဘူး၊ အပြောင်းအလဲရှိနိုင်သေးတယ်။ ကိုယ်ဖြေချင်တဲ့ မြို့နယ်နဲ့ လျှောက်လွှာရေးပြီး လာတင်ရမှာပါ။ ကျောင်းပြောင်းဆိုရင်တော့ လက်ရှိ ကိုယ်တက်နေတဲ့ကျောင်းရဲ့ ကျောင်းအုပ်ထောက်ခံစာလိုပါတယ်” လို့ ၎င်းကပြောပါတယ်။
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၁ ရက်မှာ စတင်ကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ အစရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၀ ခုက စာသင်ကျောင်းပေါင်း ၁,၂၀၀ ခန့်ဟာ ရပ်နားထားရတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ဒေသတွင်းမီဒီယာတွေကို ပြောထားပါတယ်။
ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေကို တရားဝင်ပိတ်တယ်လို့ ထုတ်ပြန်ထားခြင်းမရှိပေမယ့် တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာလကတည်းက ကျောင်းအများစုက ပိတ်ထားရတယ်လို့ ကျောက်တော်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ပြောထားတာ ကျောင်းတွေက မပိတ်ဘူးပေါ့။ ပိတ်ထားတယ်လို့ တရားဝင်မပြောဘူးပေါ့။ ဒါပေမယ့် ဘယ်မိဘမှ ကျောင်းသွားမပို့တော့တာ။ အချို့ရွာတွေဆို ရွာလုံးကျွတ်ပြေးကြရတယ်။ တိုက်ပွဲတွေ စဖြစ်တဲ့ ရက်ကစပြီး အခုထိ ကျောင်းတွေမဖွင့်နိုင်သေးပါဘူး” လို့ အဲ့ဒီ ကျောက်တော်ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် မေလက မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ထောင်နဲ့ချီပြီး ပျက်စီးခဲ့ပါသေးတယ်။
ပုံစာ – မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က အခြေခံပညာကျောင်း
ဓာတ်ပုံ – MoI

