ဒူးပလာယာ – ၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း)
ထိုင်း-မြန်မာနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ ရေတံလျှောက်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU ဗဟိုက ဒီကနေ့ကြေညာပါတယ်။
တပ်မဟာ ၆ ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၁၈ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ နံနက်ပိုင်းမှာ ရေတံလျှောက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက်အတွင်းမှာ စခန်းသိမ်းနိုင်ခဲ့ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ကိုးဦးသေဆုံးပြီး ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
KNU ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ငယ် ကိုးလက်၊ RPG-7 လက်နက်ကြီးတစ်လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတစ်လက်နဲ့ ခဲယမ်းများစွာသိမ်းဆည်းရရှိထားပါတယ်။
လက်နက်ကြီးကျည်တွေဖြစ်တဲ့ ၆၀ မမ ကျည်တွေ ၁၁၀ လုံး၊ RPG ကျည် ၇၀ လုံး၊ ၈၁ မမ ကျည် အလုံး ၄၀၊ ၄၀ မမကျည် အလုံး၄၀၊ လက်နက်ငယ်ကျည် ၃,၀၀၀ ကျော်၊ တိုက်မိုင်း အလုံး ၂၀၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်းသုံးလုံး၊ လက်ပစ်ဗုံး အလုံး ၂၀ အပါအဝင် အခြားစစ်လက်နက်သုံးပစ္စည်းတွေသိမ်းဆည်းရမိထားတာပါ။
အာဏာသိမ်းစစ်တပ်ဟာ အခုနှစ် ဇူလိုင်လကတည်းက ကျရှုံးသွားတဲ့မြဝတီမြို့က လက်ခတ်တောင်ကို တော်လှန်ရေးတပ်ဖွဲ့တွေလက်က ပြန်ရဖို့ အကြိမ်ကြိမ်လေကြောင်းအကူအညီတွေနဲ့ပါ ကြိုးစားနေပေမယ့် ခုချိန်ထိပြန်မရသေးခင်မှာ ရေတံလျှောက်စခန်းဟာ ထပ်မံလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
အခုလဆန်းပိုင်းကလည်း တပ်မဟာ ၆ နဲ့ ထိစပ်နေတဲ့ တဘက်ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်က ကျေးရွာတွေထဲကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ အယောက် ၈၀ ကနေ ၁၀၀ ဝန်းကျင်ဟာ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံ၊ တရားမျှတရေးပါတီ (Fair Party) လွှတ်တော်အမတ် Kannavee Suebsang က ဒါဟာအချုပ်အခြာအာဏာကိုထိပါးတာဆိုပြီး သူတို့အစိုးရကို မေးခွန်းထုတ်ထားပါတယ်။
လက်ရှိမှာတော့ အခုလ ၁၃ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၀ ကြိမ်မြောက်၊ အာဆီယံလေတပ်စစ်ဦးစီးချုပ်များညီလာခံကို ထိုင်းဘုရင့်လေတပ်ရဲ့ စစ်ဦးစီးချုပ် Alongkorn Vannarot ဟာ လာပြီး တက်ရောက်ထားပါတယ်။
ပုံစာ – ရေတံလျှောက်စခန်းမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများ
ဓာတ်ပုံများ – KNU HQ
#Dailynews

