ရန်ကုန် – ၂၀၂၅ ဧပြီ ၂၉ (မော်ကွန်း)
ပဲခူးတိုင်း ၊ ရွှေကျင် (ဆောထိ) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ရွှေကျင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို၊ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ၎င်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာဒေသအနီးက လိပ်ကုလား၊ စံဒွန်း၊ ကွမ်းဆိပ်၊ ကျုံချောင်၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစုနဲ့ ဇလုပ်ကြီး ကျေးရွာတွေက အိမ်ခြေပေါင်း ၈၅၅ လုံးက လူဦးရေ ၄,၁၉၆ ဦးဟာ ဘေးလွတ်ရာကို ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်းမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကနေ မြစ်ကိုဖြတ်ကူးကာ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်လာပြီး KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“လက်ရှိက ရွှေကျင်၊ ဝေါ၊ သိမ်ဇရပ် အဲဒီစစ်တောင်းမြစ်တစ်ဖက်ကမ်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်” လို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့သုံးရက်ကလည်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ရွှေကျင်မြို့နယ် စစ်တောင်းမြစ်ကမ်းပါးမှာရှိတဲ့ ကွင်းဆိပ်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ဒီဒေသကို စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ဒီလပိုင်းမှာစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်လာကာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့က ရွှေကျင်၊ ကမမောင်း၊ ကော့ကရိတ်၊ ကျုံဒိုးနဲ့ လှိုင်းဘွဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ပြန်ဖြစ်လာပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ၎င်းတို့ အပစ်အခတ်ရပ်စဲရေးကြေညာထားတဲ့ ဒီလ ၂ ရက်ကနေ ၂၂ ရက်နေ့အတွင်း KNU ရဲ့ ထိန်းချုပ်နယ်မြေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ အကြိမ် ၁၁၀ ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့ကာ ၎င်းတိုက်ခိုက်မှုတွေအတွင်း ဒေသခံ အရပ်သား ၁၄ ဦးနဲ့ ကိုရင်တစ်ပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ဘေးရှောင်နေရတဲ့ဒေသခံတချို့
ဓါတ်ပုံ – KNU

