ဆားလင်းကြီး − ၂၀၂၃ မေ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ လက်ပံတောင်း၊ ကြေးစင်တောင်တဝိုက်က ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်
ဒီကနေ့ နံနက် ၇း၃၀ ဝန်းကျင်ကစလို့ အာဏာသိမ်းစစ်တပ်ဟာ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ−မုံရွာ)ကနေ စစ်ကားအကြီးတစ်စီး အင်အားအပြည့်နဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ချင်းတွင်းမြစ်ကိုကူးလာပြီးတဲ့နောက်မှာ ပုသိမ်−မုံရွာလမ်းမတလျှောက် ကင်းတွေချထားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အဲဒီနောက်မှာ မုံရွာမြို့ အုန်းပင်လှေဆိပ်ကနေ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာလည်း ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ဆိပ်ကမ်းကို စက်လှေသုံးစီးနဲ့ကူးလာပြီး စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ထနောင်းကုန်း၊ ကံကုန်းရွာတွေကို စစ်ကြောင်းထိုးပြီး ကံကုန်းရွာကို ဝင်ရောက်မွှေနှောက်ကာ စစ်ရှောင်ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။
နေ့လယ်ပိုင်းမှာ ဒုန်းတောရွာကို စစ်ကြောင်းထိုးကာ ကံကုန်းကဖမ်းဆီးလာတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံကပြောပါတယ်။
ခုလိုစစ်ကြောင်းထိုးလို့ ထနောင်းကုန်း၊ အေးကုန်း၊ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျနဲ့ ရွှေပေကုန်းစတဲ့ ကျေးရွာတွေက ပြည်သူ ၉,၀၀၀ ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရပါတယ်။
ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်း တရုတ်ကုမ္ပဏီတွေရဲ့ လုံခြုံရေးကိုအကြောင်းပြပြီး လက်ပံတောင်းတောင်၊ ကြေးစင်တောင်ဒေသတဝိုက်ကို အာဏာသိမ်းစစ်တပ်ဟာ မကြာခဏဆိုသလို စစ်ကြောင်းထိုးလေ့ရှိကာ အမြဲစိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ − ဒီကနေ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆားလင်းကြီးဒေသခံများ
ဓါတ်ပုံ − Mawkun Magazine
#Dailynews

