ရန်ကုန်- ၂၀၂၃၊ ဧပြီ၁၈ (မော်ကွန်း)
သင်္ကြန်ကာလ စစ်ကိုင်းတိုင်းရေဦးမြို့နယ်မှာ ရေကစားပျော်ပါးခဲ့ကြတဲ့စစ်ကောင်စီ စစ်ကြောင်းက ဒီနေ့မနက် ခင်ဦးမြို့နယ်ထဲကို အင်အား ၉၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတာကြောင့် အနီးအနားရွာတွေမှ ဒေသခံငါးထောင်ခန့် စိုးရိမ်ပြီးထွက်ပြေးနေကြရတယ်လို့ ခင်ဦးမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
ရေဦးမြို့နယ်ကနေဝင်လာတဲ့ အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်အနောက်ခြမ်း၊ အင်းပတ်ကွေ့စျေးတန်းမှတစ်ဆင့် ခင်ဦးမြို့နယ်ထဲကိုဝင်ရောက်လာခဲ့တာကြောင့် အင်တိုင်းတောင်မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ် နဲ့ ယာတော်ကျေးရွာတွေမှ ဒေသခံ ငါးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတာပါ။
“ဒီပဲယင်းကနေဘူဒိုဇာကားကြီးတွေနဲ့ဆင်းလာတာ။သင် သကြန်မတိုင်မီမိုင်းရှင်းလင်းရေးပုံစံမျိုးနဲ့ရေဦးမြို့နယ်ကိုရောက်နေတာကြာပြီပေါ့။ သင်္ကြန်ကာလတုန်းက ရေဦးမြို့ထဲမှာလုံခြုံရေးယူပြီး မဏ္ဍပ်မှာပျော်ကြတယ်ပေါ့။ ပျော်ပြီးတော့အခုင်္သကြန်ပြီးတာနဲ့တန်းပြီးတော့စစ်ရေးလှုပ်ရှားလာတဲ့အနေထားပေါ့။” လို့သူကပြောပါတယ်။
အခုလို စစ်ကောင်စီစစ်ကြောင်းဝင်လာတာကြောင့် သရက်ပင်စုနဲ့ အင်တိုင်းလေးမြောက်ရွာမှာဆိုရင်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကျန်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ လတ်တလောမှာတော့ နေအိမ်တွေကိုမီးရှို့တာတွေတော့မရှိသေးပေမယ့် နေအိမ်အတွင်းကပစ္စည်းတွေကိုထုရိုက်ဖျက်ဆီးနေတာတွေတော့ရှ်ိတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းခဏခဏထိုးနေတဲ့ခင်ဦးမြို့နယ်မှာ ကျေးရွာ ၆၈ ရွာမှ နေအိမ်အလုံး ၄,၅၀၀ ကျော်မီးရှို့ခံထားရပြီး၊ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူတာတွေကြောင့် အမြဲတမ်းစစ်ဘေးရှောင်နေရတဲ့ကျေးရွာ ၁၃ ရွာရှိပြီလို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှသိရပါတယ်။
#Dailynews

