လွိုင်ကော် – ၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
ကရင်နီပြည်နယ်၊ ရှားတောမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလ ၁၂ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်တွေက မြို့ကို အလုံစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရှားတောမြို့ပေါ်က စစ်ကောင်စီတပ်တွေရဲ့ အရေးပါတဲ့ ဗျူဟာကုန်းစခန်းတွေကို ပြီးခဲ့တဲ့လ ၁၅ ရက်က စတင်ပြီး KNDF၊ KA နဲ့ လွိုင်ကော် PDF စတဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတဲ့ကာလအတွင်း လက်နက်ချပြီး အသက်ရှင်ခွင့်ရယူကြဖို့နဲ့ ပြည်သူဘက်ကူးပြောင်းကြဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက လက်မခံခဲ့တာကြောင့် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ KNDF ကဆိုပါတယ်။
ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ်နှစ်ရာကျော် လုပ်ဆောင်ခဲ့ပေမယ့် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးတွေအပါအဝင် အယောက် ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်းမှာ KNDF က ရဲဘော်သုံးဦးနဲ့ အခြားတပ်ဖွဲ့တွေက ရဲဘော်တချို့ ကျဆုံးခဲ့ပြီး အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။
ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့အခြေအနေတွေနဲ့ပက်သက်ပြီး အသေးစိတ်သိရဖို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနကို မော်ကွန်းအနေနဲ့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဆီက လက်နက်ငယ် တစ်ရာကျော်၊ လက်နက်ကြီး ၁၈ လက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လ ၂၈ ရက်ကလည်း ဖားဆောင်းမြို့နယ်ထဲက သတ္ထုတွင်းတွေရှိတဲ့ မော်ချီးမြို့ကိုလည်း သိမ်းပိုက်ခဲ့သလို မယ်စဲ့၊ နန်းမယ်ခုံ၊ ရွာသစ်စတဲ့မြို့တွေကိုလည်း သိမ်းပိုက်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ရှားတောမြို့သိမ်းခံရတာနဲ့ပက်သက်ပြီး လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ပုံစာ-ရှားတောမြို့သိမ်းပြီးနောက် ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်ပစ္စည်းအသုံးအဆောင်များ
ဓာတ်ပုံ-KNDF

