ရန်ကုန် – ဒီဇင်ဘာ ၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရတဲ့ ကျေးရွာသုံးရွာကို ပြန်လည်ထိုးစစ်ဆင်ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီရဲ့ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့နယ်မြေတချို့ကို ဆုတ်ခွာပေးခဲ့ရတာပါ။
အခုလ ၆ ရက်မှာတော့ မန္တလေး PDF တပ်တွေဟာ အဲဒီလို လက်လွှတ်လိုက်ရတဲ့ ကျေးရွာတွေကို ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ္တရာအနောက်ခြမ်းက ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဓါတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
လက်ရှိမှာ မတ္တရာမြို့နယ် အနောက်ဘက်က ကျေးရွာအများစုက ဒေသခံအများအပြားဟာ ပြီးခဲ့တဲ့ လပိုင်းထဲက စစ်ဘေးရှောင်နေကြရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီဒေသတွေကို ပြန်ဝင်လို့ မရသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
“အနောက်ခြမ်းကတော့ တော်တော်ကြမ်းတယ်။ လေယာဉ်တွေနဲ့ဗုံးကြဲတာ နေ့တိုင်းကြားရတယ်။ အဲဒီမှာ တော်တော်ရှုပ်ထွေးတယ်။ စစ်တပ်တွေရော ပသစ (ပြည်သူ့စစ်) တွေလည်းရှိတယ်။ PDF တွေ သိမ်းထားတဲ့ရွာတွေရှိတယ်။ ရွာခံတွေတော့ အဲဒီကိုပြန်ဝင်လို့ကို မရသေးဘူး” လို့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေး PDF တပ်တွေဟာ ဒီနှစ်ဇူလိုင်လပိုင်းမှာ ရှမ်းမန်းစစ်ဆင်ရေးနဲ့အတူ မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး အဲဒီက ကျေးရွာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ကလည်း သူတို့လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး မတ္တရာအနောက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဒီနေ့ထိ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မန္တလေးမြို့နဲ့ မိုင် ၂၀ ကျော်ပဲကွာဝေးတဲ့ မတ္တရာမြို့နယ်ရဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို တော်လှန်ရေးတပ်တွေ စိုးမိုးထားတာဖြစ်ပြီး မတ္တရာ-သပိတ်ကျဉ်း-စဉ့်ကူး လမ်းပိုင်းကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာပါ။
လက်ရှိမှာ ၎င်းလမ်းပိုင်းကို စစ်ရေးအခြေအနေတွေကြောင့်သွားလာမှုတွေ ယာယီကန့်သတ်ထားတယ်လို့လည်း MDY-PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတချို့
ဓါတ်ပုံ – MDY-PDF

