ရန်ကုန် – ၂၀၂၃ မတ် ၁၃ (မော်ကွန်း)
ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသေးတာကြောင့် ပြည်သူတွေကို မြို့တွေထဲ ပြန်ဝင်ခွင့်မပြုသေးဘူးလို့ အဲဒီဒေသခံတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
AA ဟာ လက်ရှိမှာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့တွေကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းယူထားတာပါ။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေနဲ့ နီးစပ်တဲ့ ပလက်ဝမြို့မှာတော့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ဒေသအုပ်ချုပ်ရေး ယန္တရားတွေတည်ဆောက်နေကာ ပြန်လည်တည်ငြိမ်နေပြီပေမယ့် ကျန်တဲ့မြို့တွေမှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
AA သိမ်းပိုက်ထားတဲေဒေသတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလည်း မပြီးပြတ်သေးတာကြောင့် ဒေသခံတွေကို မြို့တွေထဲ ပြန်ဝင်ခွင့်မပြုသေးတာလို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“အပြည့်အဝတော့ ထိန်းချုပ်ထားတာပေါ့ အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ လည်ပတ်ဖို့ကတော့ အချိန်ယူရအုံးမှာပေါ့။ စစ်ကောင်စီတပ်တွေက ဘယ်လောက်ထိ ဒုက္ခပေးနိုင်ဦးမလဲ၊ ပြည်သူတွေကတော့ မကြောက်မလန့်နဲ့ ကိုယ့်စီးပွားရေး စိတ်ချမ်းသာစွာနဲ့ လုပ်နိုင်သလားပေါ့။ အဲဒီ အခြေအနေမျိုးရှိတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ စစ်ဘေးရှောင်တွေ ပြန်ဝင်ဖို့ အဲဒီမြို့တွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း လုပ်ဖို့ လိုအပ်နေသေးတယ်လို့ မြောက်ဦးမြို့နယ်က ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ မြို့တွေကလည်း တချို့ရပ်ကွက်တွေ မီးတွေ အကုန်လောင်တော့ အိမ်တွေလည်းမရှိတော့ဘူး။ လမ်းတွေ၊ တံတားတွေ အကုန်ပျက်စီးနေတာတွေလည်း ပြင်ဆင်ရဦးမှာဆိုတော့ ပြန်လည်ထူထောင်ရေးလည်း အချိန်ယူရမယ်ထင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ တာဝေးပစ်လက်နက်ကြီးပစ်ခတ်မှုတွေ ဘယ်လောက်ထိ ရှင်းသွားမလဲအပေါ် မူတည်ကာ ဒေသခံတွေကို နေရပ်ပြန်ဖို့ ခွင့်ပြုပေးသွားဖို့ ရှိနေတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသူ ဦးဖေသန်းက ပြောပါတယ်။
“ အဝေးပစ်လက်နက်တွေ လက်လှမ်းမမီတော့ဘူးဆိုရင်တော့ လူတွေ ပြန်လာနိုင်မှာပေါ့။ ပလက်ဝဆိုရင်တော့ သူတို့ဘာမှ မလုပ်နိုင်တော့ဘူး။ ကျောက်တော်၊ မြောက်ဦး၊ တို့ကတော့ မလွတ်နိုင်သေးဘူးပေါ့၊ မင်းပြားတို့ ပေါက်တောတို့ ရမ်းဗြဲတို့ကိုတော့ သူတို့က ပစ်နေတာရှိတယ်” လို့ ၎င်းက ပြောပါတယ်။
ပလက်ဝအပါအဝင် မြို့ပေါင်းခုနစ်မြို့ထိ စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ လက်ရှိမှာလည်း မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းတွေကို ထိုးစစ်တိုက်ခိုက်နေတဲ့အပြင် ရသေ့တောင်၊ ဘူးသီးတောင်မြို့တွေက နောက်ဆုံးလက်ကျန် တပ်ရင်းတွေကိုလည်း တိုက်ခိုက်နေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ပြေးရတဲ့ ဒေသခံ သုံးသိန်းကျော်ထိရှိပြီး ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်တို့မှာ စစ်ဘေးရှောင် အများဆုံးရှိနေတယ်လို့ ဒေသတွင်း အကူအညီပေးရေးအဖွဲ့တွေကဆီက သိရပါတယ်။
နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်ရှိတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာပါ။
စစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်စတင်တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ရခိုင်ဒေသကို ခရီးသွားလာခွင့်တွေ ပိတ်ဆို့လိုက်ပြီး ဒေသတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေကို ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေဟာ လုံလောက်တဲ့ကူညီစောင့်ရှောက်မှုတွေ မရသေးဘူးလို့ AA က ဖွဲ့စည်းထားတဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။
ပုံစာ – AA ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်က မီးလောင်နေတဲ့ ကျေးရွာတစ်ခု
ဓာတ်ပုံ – HDCO