ဖားကန့်-၂၀၂၄ မတ် ၁၂ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနရွာကကျောက်စိမ်းလုပ်ကွက်တစ်ခု ဒီနေ့မနက် ၄ နာရီဝန်းကျင်က နွံကန်ပြိုကျတာကြောင့် ကျောက်ရှာသမား သုံးဆယ်ကျော်ပျောက်ဆုံးနေပြီး အလောင်းနှစ်လောင်းသာ ပြန်ရှာတွေ့ထားတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
“နွံကန်က နဂိုကတည်းက စိမ့်နေတာလေ၊ မြေစာကတစ်ဖက်ကနေ ဖို့ရင်းဖို့ရင်းနဲ့ တစ်ဖက်ကနေတွန်းအားပေးတော့ အခုလုပ်နေတဲ့လုပ်ကွက်ထဲကို ပြိုကျတာပေါ့။ ပါသွားတဲ့လူဦးရေစာရင်းကကျတော့၊ ညကလုပ်ကွက်ဆိုတော့ ညဆိုင်းဆင်းတဲ့ဟာတွေ အကုန်လုံးပါသွားတာ။ လေးယောက်အသက်ရှင်တယ်။ ခန့်မှန်းချေသုံးဆယ်နဲ့အထက် ပါသွားတယ်”လို့ သူကပြောပါတယ်။
နွံကန်ပြိုကျခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟာ ဘယ်ကုမ္ပဏီရဲ့လုပ်ကွက်ဖြစ်ပြီး ပျောက်ဆုံးသွားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။
နွံကန်ပြိုကျမှုမှာ ပါသွားခဲ့သူတွေကို ဆက်လက်ရှာဖွေဖို့ အခက်အခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းက နားသွားပြီ။ နွံကန်ကရေမပါဘူး။ နွံတွေချည်းပဲဆိုတော့ ရှာဖွေကယ်ဆယ်ရေးက လုပ်လို့မရဘူးလေ။ မရတဲ့အခါကျ မနက်ပိုင်းက ကျွန်တော်တို့ ဘက်ဟိုးနဲ့ စက်ယန္တယားနဲ့ သွားလို့ရတဲ့နေရာလောက်ထိတော့ ရှာဖွေကယ်ဆယ်ရေးလုပ်သေးတယ်။ နှစ်လောင်းပဲတွေ့တယ်။ ဆက်ရှာလို့မရနိုင်တဲ့အခြေအနေမို့ ရှာဖွေကယ်ဆယ်ရေးက နားသွားပြီ” လို့ သူကကူညီကယ်ဆယ်ရေးအခြေအနေကို ပြောပြပါတယ်။
နွံကန်ပြိုကျရာမှာ လွတ်မြောက်ခဲ့သူလေးဦးနဲ့ သေဆုံးသူနှစ်ဦးရဲ့အလောင်းတွေကို ဖားကန့်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူကဆိုပါတယ်။
ဒီနေ့နွံကန်ပြိုကျမှုဖြစ်တဲ့ မနမှော်ထဲမှာ မနှစ်က ဩဂုတ်လတုန်းကလည်း မြေစာပုံပြိုကျတာကြောင့် ကျောက်သမား ၃၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
ပုံစာ-မနှစ်က ဩဂုတ်လတုန်းက မြေစာပုံပြိုကျရာမှာ သေဆုံးသွားသူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေသယ်ထုတ်နေစဉ်။
ဓာတ်ပုံ-မှော်မင်းသား။

