ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း)
မနေ့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်မီးရှို့ထားတဲ့ ပခုက္ကူမြို့၊ ကန်တော်ရွာနဲ့ဆားကျင်းရွာက စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်။
“အခုကရွာထဲ ပြန်ဝင်လို့မရသေးဘူးဆိုတော့အဓိက စားနပ်ရိက္ခာပဲလိုအပ်နေတာပါ၊ ခုလောလောဆယ်တော့ စားဖို့ဆန်ရှိနေသေးပေမယ့်ရေရှည်အတွက်ဆိုလိုအပ်ချက်ရှိလာပြီ”လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ပခုက္ကူမြို့ကန်တော်ရွာနဲ့ဆားကျင်းရွာကိုအာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် အနီးနားကျေးရွာကဒေသခံရွာသားတွေအပါအဝင် ဒေသခံ ၂,၀၀၀ ဝန်းကျင် စစ်ရှောင်နေရပါတယ်။
လက်ရှိမှာစစ်ရှောင်ဒေသခံတွေ စစ်ကြောင်းနဲ့ဝေးတဲ့တောတွေထဲမှာတိမ်းရှောင်နေထိုင်နေရပြီး စောင်နဲ့အနွေးထည်လိုအပ်ချက်တွေလည်းရှိနေတယ်လို့ပ.အ.ဖတာဝန်ရှိသူက ပြောပါတယ်။
ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့ကြား ကန်တော်ရွာကို အာဏာသိမ်းစစ်တပ်၊ တပ်မ ၁၀၁နဲ့ ပျူစောထီးတွေ အင်အား ၂၀၀ ဝန်းကျင်လောက်ဟာ မနေ့ညနေ ၄:၀၀ နာရီက စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်မီးရှို့ခဲ့တာပါ။
ကမ္မမြို့နဲ့ မြစ်ချေကြားက ဆားကျင်းကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ဟာ ဒီနေ့မနက် ၅:၀၀ နာရီဝန်းကျင်က ထပ်မံမီးရှို့ ခဲ့တာလို့ ပ.အ.ဖတာဝန်ရှိသူကပြောပါတယ်။
“ကန်တော်ရွာကတော့ စစ်ကြောင်းကမနေ့ညကမီးရှို့ပြီးထွက်သွားတယ်၊ဒီနေ့မနက်ပြန်ဝင်လာတော့ အိမ်ခြေအတိအကျမသိရသေးဘူး၊ရွာသားတွေလည်းပိတ်မ်ိနေတာတွေရှိတယ်လို့သိရတယ်၊ခုတော့စစ်ကြောင်းတွေကရွာထဲကနေထွက်ပြီးအနီးနားရွာတွေမှာ အထိုင်ချနေတယ်လို့သိရပါတယ်”လို့ ပခုက္ကူပ.အ.ဖတာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းမီးရှို့တာကြောင့် ကန်တော်ရွာကနေအိမ် ၇၀ ခန့်မီးလောင်တယ်လို့လတ်တလောသတင်းရရှိထားပြီး ဆားကျင်းရွာကနေအိမ် ၃၀ခန့်မီးလောင်ခဲ့တယ်လို့ သူကပြောပါတယ်။
ကန်တော်ရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့စစ်တပ်ဟာ ရွာရဲ့ မြောက်ဘက်က ကန်ရပ်ကြီးရွာကိုလည်းလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်ထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဇန်နဝါရီ ၁၅ရက်ကထုတ်ပြန်ထားပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်မီးရှို့ထားတဲ့မြင်ကွင်း
ဓာတ်ပုံ – ပခုက္ကူပ.အ.ဖ
#Dailynews

