မိုးကုတ်- ၂၀၂၅ ဩဂုတ် ၁၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်မှုထမ်းဖို့ ခေါ်ယူစုဆောင်းခံထားရတဲ့ ဂေါ်ရခါး လူမျိုး ၈၀ ကျော်ကို မနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နေဂေါ်ရခါးလူမျိုးတချို့က ပြောပါတယ်။
” အခုက အထက်ကအမိန့်ကြောင့် အကုန်ပြန်လွှတ်ပေးတာလို့ပြောတယ်၊ အပေါ်က လူတွေက ခိုင်းလို့ မဟုတ်ဘဲ အောက်ခြေက လူတွေလုပ်တာလို့ သိရတယ်၊ ဒါကြောင့် သူတို့အစည်းဝေးပြန်လုပ်ပြီး လွှတ်ပေးတာ ” လို့ မြို့ခံဂေါ်ရခါးလူငယ်တစ်ဦးက ဒီနေ့ ပြောပါတယ်။
TNLA က မိုးကုတ်မြို့နေ ဂေါ်ရခါးလူမျိုးတွေကို ဇူလိုင်ကထဲကနေ စပြီး ပိတ်ဆို့ ဖမ်းဆီး ခေါ်ဆောင်နေတာဖြစ်ပြီး ဂေါ်ရခါး ခေါင်းဆောင်တွေနဲ့ TNLA အဆင့်မြင့်လူကြီးတွေကြား ညှိနှိုင်းပြီးနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်လိုက်တာလို့ ဆိုပါတယ်။
TNLA ဘက်ကတော့ မိုးကုတ်မြို့မှာရှိတဲ့ ဂေါ်ရခါးလူမျိုးတွေကို အုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အတူတကွပူးပေါင်းဆောင်ရွက်ဖို့ ခေါ်ယူခဲ့ပေမယ့် အဆင်သင့်မဖြစ်သေးသူ ဂေါ်ရခါး လူမျိုး ၈၄ ဦးကို မိဘ အုပ်ထိန်းသူတွေထံ မနေ့က ပြန်အပ်ခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
” စစ်မှုထမ်းဖို့ တကယ်ခေါ်သွားတယ်ဆိုရင် ပြန်လမ်းမရှိတော့ဘူး၊ ရှေ့တန်းကိုပို့ခံရမှာ၊ အားလုံးကစိတ်ပူကြတယ်၊ အခုလို ပြန်လွှတ်ပေးတယ်ဆိုတော့ ရှေ့ဆက်ဘယ်လိုညှိကြမလဲတော့မသိဘူး” လို့ မိုးကုတ်မြို့အရှေ့ပိုင်းမှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ တအာင်း/ပလောင် မဟုတ်တဲ့သူတွေကို စစ်မှုထမ်းဖို့ သူတို့တပ်ဖွဲ့က အဓမ္မ မခေါ်ဘူး လို့ ဒီလ ၅ ရက်က လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
မိုးကုတ်မြို့နယ်မှာ ဂေါ်ရခါးလူမျိုး ၂၀,၀၀၀ ဝန်းကျင်နေထိုင်တယ်လို့ ၂၀၁၉ အထွေထွေအုပ်ချုပ်ရေးစာရင်းမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
TNLA ဟာ နောင်ချိုမြို့ကို လက်လွှတ်လိုက်ရပြီးနောက် မိုးကုတ်မြို့ကို လေကြောင်းဗုံးကြဲ၊ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ဟန့်တားခုခံနေရချိန်မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ဖမ်းခေါ်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြခံရပါတယ်။
အဲဒီနောက် အဖွဲ့ရဲ့အတွင်းရေးမှူး(၁)ဖြစ်သူနဲ့ ဂေါ်ရခါးခေါင်းဆောင်တွေကြား ညှိနှိုင်းကာ ခေါ်ယူထားတဲ့ ဂေါ်ရခါးလူမျိုးတွေကို ပြန်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့လကနေ ဒီနေ့အထိ မိုးကုတ်မြို့မှာ အရပ်သား ၆၀ ဝန်းကျင် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ပုံစာ – TNLA စစ်သင်တန်းတစ်ခု(ပုံဟောင်း)
ဓါတ်ပုံ – TNLA

