အရာတော် – ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြာပင်လှရွာနဲ့ မကျီးကန်ရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ထွက်ပြေးနေရပြီး အဆိုပါရွာတွေက ရွာသူရွာသား ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ မွန်းလွဲသုံးနာရီလောက်က အရာတော်မြို့နယ် မကျီးကန်နဲ့ကြာပင်လှရွာတွေက ရွာခံအိမ်တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေ ခုလို ဝင်ရောက်လာတာကြောင့် ရွာနှစ်ရွာစလုံးက ပြည်သူတွေ ထွက်ပြေးခဲ့ရပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရကာ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေလည်းပါဝင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အကြောင်းမဲ့သက်သက်ဖမ်းဆီးခံရတာလို့ ဒေသခံတွေကပြောပါတယ်။
မနေ့ညနေကစလို့ စစ်ကောင်စီတပ်တွေဟာ မကျီးကန်ရွာရဲ့ စာသင်ကျောင်းမှာ အင်အာဖြည့်တပ်စွဲထားပြီး ဖမ်းထားတဲ့ ရွာသားတွေကို စစ်ဆေးတာတွေနဲ့ အိမ်တွေမှာ ကြိုးတွေနဲ့ တုပ်နှောင်ထားတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကြာပင်လှကျေးရွာမှာ စစ်ကားနှစ်စီး၊ ကားသေးသုံးစီးဖြင့် ဝင်ရောက်လာပြီး ရွာထဲနဲ့ ရွာအနီးတောတွေထဲ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်မှာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတဲ့အပြင် သူတို့ကို ဆန့်ကျင်လို့ဆိုပြီး မကျီးကန်ရွာအပါအဝင် ရွာ ၁၅ ရွာကို ရွှေ့ပြောင်းပစ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းလွှင့်ထားပါတယ်။
#Dailynews

