လောက်ကိုင် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း)
တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ ၄၂၇ကျပ်ကနေ သြဂုတ်လ ၁၅ရက်နေ့ ဒီနေ့မှာ တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ ၅၂၀ ကျပ်အထိရုတ်တရက်တက်လာတယ်လို့ လောက်ကိုင်မြို့နေထိုင်သူတစ်ဦးကပြောပါတယ်။
” စျေးကရုတ်တရက်တက်လာတာ၊အရင်ကတစ်ယွမ်ကို ၄၂၇၊ ၄၂၈ အဲ့လောက်မှာစျေးတန်းတန်းနေတာ၊ အခုရက်ပိုင်းကိုရုတ်တရက်ကြီးတက်လာတာ၊ အတက်ပဲရှိတယ်အကျမရှိဘူး၊ အခုဒီနေ့ ၅၂၀ ထိတက်လာတယ်”လို့ လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
တရုတ်ငွေစျေးရုတ်တရက်လာတာကြောင့် တရုတ်ပစ္စည်းတွေ မြန်မာပြည်ထဲကိုယူရောင်းရာမှာ အရှုံးပေါ်လာလို့ လုပ်ငန်းရပ်နားထားရတယ်လို့ Online Shop လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
” ယွမ်နဲ့ပေးရပြီး ကျပ်နဲ့ယူရတာ၊ ပစ္စည်းကို ရောင်းထားတာတစ်စျေး၊ ကိုယ်ရှင်းပေးရတဲ့အချိန်ကျစျေးတက်တော့ စျေးဝယ်နားထပ်ပိုတောင်းရမယ်ဆိုလည်း အဆင်မပြေဘူး၊ စျေးကလည်းအရမ်းတက်နေတော့ အရှုံးပေါ်နိုင်လို့ ရပ်ထားရတယ်”လို့ Online Shop လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ယခုလို တရုတ်ငွေစျေးတက်လာပြီး မြန်မာငွေတန်ဖိုးကျလာတာကြောင့် တရုတ်ပစ္စည်းတွေဝယ်ယူရာမှာ စျေးပိုပေးရသလို မြန်မာကျပ်ငွေနဲ့ လစာရနေတဲ့အလုပ်သမားတွေအခက်ခဲရှိလာတယ်လို့ လောက်ကိုင်မြို့မှာအလုပ်လုပ်နေသူတစ်ဦးကပြောပါတယ်။
” ဒီမှာထမင်းတစ်ပွဲကို မြန်မာထမင်းဟင်းကို တရုတ်ငွေနဲ့ဆို တစ်ပွဲ ယွမ် ၃၀ ပေးရတယ်၊ မြန်မာငွေနဲ့ဆိုရင် တစ်သောင်းခွဲ ဖြစ်နေပြီလေ၊ စျေးကြီးတယ်၊ မြန်မာကျပ်ငွေတန်ဖိုးကသာကျနေတာ၊လစာ တစ်သိန်းရတဲ့သူက လစာမတိုးဘူး၊ ဝန်ထမ်းတွေနစ်နာတာပေါ့”လို့ လောင်ကိုင်မြို့မှာအလုပ်လုပ်နေသူတစ်ဦးကပြောပါတယ်။
တရုတ်ငွေစျေးက စစ်တပ်အာဏာမသိမ်းခင် တစ်ယွမ်ကို မြန်မာငွေ ကျပ် ၂၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း တစ်ယွမ်ကို ၅၂၀ကျပ်အထိ စျေးတက်လာခဲ့တာဖြစ်ပါတယ်။
ဒါအပြင် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ဈေးတွေလည်း မြင့်တက်လာပြီး မြန်မာ့ငွေတန်ဖိုးဟာ တရိပ်ရိပ်နဲ့ကျဆင်းလာတာဖြစ်ပါတယ်။
#Dailynews

