ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၇ (မော်ကွန်း)
ပြီးခဲ့တဲ့သီတင်းပတ်က တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ မြင့်တက်သွားတဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဒီသီတင်းပတ်မှာတော့ အနည်းငယ် ပြန်လည်ကျဆင်းလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
မနေ့ကတော့ ဈေးကွက်အဖွင့်မှာ တစ်ကျပ်သားကို ကျပ် ၇၄ သိန်းနဲ့ စဖွင့်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲ ဈေးကွက်ပိတ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အတက်ကြမ်းနေတဲ့ ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ဒီလလယ်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးတွေကိုရောက်ရှိခဲ့ပါတယ်။
အခုလ ဒုတိယအပတ်မှာဆိုရင် ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်နဲ့ ကန်ဒေါ်လာဈေးဟာလည်း တစ်ဒေါ်လာကို ၇,၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့တာပါ။
ဒီနောက်ပိုင်း စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးခဲ့ပြီးနောက်မှာ ဒေါ်လာဈေးဟာ အနည်းငယ်ပြန်ကျဆင်းခဲ့ပြီး ဒီနေ့မှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၅,၆၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။
ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတစ်ဦးကတော့ “လောလောဆယ် ဒေါ်လာဈေးက သူတို့နိုင်ငံရဲ့ ရွှေးကောက်ပွဲဂယက်ကြောင့် ငွေဈေးနည်းနည်းကျသွားတယ်။ သူတို့ဒေါ်လာတန်ဖိုးကိုက နည်းနည်းကျသွားတာ။ ဒေါ်လာကျတော့ ရွှေလည်းလိုက်ကျလာပုံရတယ်။ ပြည်တွင်းမှာလည်း နည်းနည်းစောင့်ကြည့်နေတာပေါ့။ ဘယ်လောက်ထိ ထပ်ကျနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ နယ်စပ်ပို့ကုန်လမ်းကြောင်းတွေကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းခဲ့သလို၊ နိုင်ငံခြားငွေကန့်သတ်ချက်တွေကြောင့် ဒေါ်လာလိုအပ်ချက်မြင့်တက်လာပါတယ်။
ကျပ်ငွေတန်ဖိုးကလည်း အာဏာမသိမ်းမီကထက် သုံးဆကျော်ကျဆင်းသွားခဲ့ပြီး ရွှေနဲ့ဒေါ်လာဈေးကွက်တွေမှာ အခုလိုဈေးကွက်ကမောက်ကမဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာပါ။
စစ်ကောင်စီကရဲ့ ဗဟိုဘဏ်ငွေလဲလှယ်နှုန်းမှာတော့ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ကျော်မှာ သတ်မှတ်ထားပြီး ရွှေဈေးနှုန်းကိုလည်း တစ်ကျပ်သားကို ကျပ် ၄၉ သိန်းကျော်မှာ အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပါတယ်။
ပြင်ပဈေးကွက်မှာတော့ ရွှေဆိုင်တွေဟာ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချတာမရှိဘဲ အလျော့တွက်၊ လက်ခတွေမှာ ပိုတင်ပြီး ပြင်ပပေါက်ဈေးတွေနဲ့ပဲ အရောင်းအဝယ်လုပ်နေတာပါ။
ပုံစာ – ရန်ကုန်မြို့က ရွှေဆိုင်တစ်ခုမြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

