မြောက်ဦး – ၂၀၂၅ ဖေဖော်ဝါရီ ၁၇ ( မော်ကွန်း )
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ဒေသက ပြောင်းတောင်သူတွေဟာ မြေသြဇာနဲ့မျိုးစေ့စျေးနှုန်း မြင့်တက်မှုကြောင့် အရှုံးပေါ်နေကြတယ်လို့ ပြောင်းတောင်သူတချို့ကပြောပါတယ်။
ရခိုင်စစ်ပွဲတွေမပြင်းထန်မီက နို့ဆီဗူးသုံးဘူးပါ ပြောင်းမျိုးစေ့တစ်ထုပ်ကို ၁၈,၀၀၀ ကျပ်ရှိရာကနေ အခုတော့ ၁၂၀,၀၀၀ ကျပ်အထိ မြင့်တက်သွားသလို မြေသြဇာစျေးနှုန်းကလည်း ယခင် တစ်အိတ် ၆၀,၀၀၀ ကျပ်သာရှိရာကနေ အခု ၃၅၀,၀၀၀ ကျပ်အထိ စျေးတက်သွားတယ်လို့ ပြောင်းတောင်သူတချို့က ပြောပါတယ်။
ဈေးထိုးတက်နေတဲ့မြေဩဇာကို ပုံမှန်မသုံးစွဲနိုင်တော့တဲ့အတွက် အထွက်နှုန်းကျဆင်းသွားတယ်လို့ မြောက်ဦးမြို့နယ်က ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
” မြေသြဇာ ပုံမှန်သုံးပေးရင် အဖူးအရေအတွက်ကလည်း အများထွက်တယ်။ အခုမြေသြဇာစျေးတက်နေတော့ လိုအပ်သလောက် မသုံးပေးနိုင်တော့ဘဲ ဖြန်းရုံလောက်ပဲ ဖြန်းနိုင်တော့တယ်။ ဒါကြောင့် အပင်မသန်တာတွေ၊ ပိုးကျတာတွေ၊ အဖူးထွက်နှုန်း နည်းသွားတာတွေရှိတယ်။ မျိုးစေ့ထုတ်ကလည်း စျေးကြီးတာတမျိုးဆိုတော့ စိုက်ခင်းမှာ သွင်းလိုက်တာနဲ့ရတဲ့ငွေက မကိုက်ဘူး၊ ရှုံးတယ်” လို့ အထက်ပါ ပြောင်းတောင်သူက ပြောပါတယ်။
လတ်တလော ဈေးကွက်မှာ ပြောင်းဖူးတစ်ရာကို ၈၀,၀၀၀ကျပ်ဈေးရှိပြီး အထွက်နှုန်းနည်းတဲ့အတွက် တခြား မြို့နယ်တွေအထိ မတင်ပို့နိုင်ဘူးလို့လည်း နောက်ထပ်ပြောင်းတောင်သူတစ်ဦးက ပြောပါတယ်။
” အရင်နှစ်တွေတုန်းကဆို မြေသြဇာတွေ ကောင်းကောင်းသုံးပေးတော့ ထွက်နှုန်းတအားကောင်းတယ်။ တခြားမြို့နယ်တွေအထိ တင်ပို့နိုင်တယ်။ တခြားမြို့တွေအထိတင်ပို့ရင် တစ်ဖူးကို တစ်ထောင်ကျပ်နှုန်းနဲ့ စျေးကောင်းလည်းရတယ်။ ဒီနှစ်တော့ အဖူးထွက်တာနည်းတော့ မြောက်ဦးမြို့ပေါ်တစ်ခုကလွဲလို့ တစ်ခြားနေရာအထိသွားဖို့က အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် ပြည်မဘက်ကနေ ကုန်စည်သယ်ယူခွင့်တွေ ပိတ်ပင်ခံထားရတဲ့အတွက် ရခိုင်မှာ အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေနဲ့ မြေသြဇာစျေးနှုန်းတွေဟာ အဆမတန် မြင့်တက်နေပါတယ်။
အခုလို ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေဟာ စိုက်ခင်းကရတဲ့ငွေနဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေနိုင်ဖို့ အစွမ်းကုန်ရုန်းကန်နေရတယ်လို့ ပြောင်းတောင်သူတချို့က ပြောပါတယ်။
” လိုအပ်တဲ့ အရင်းငွေကို အတိုးနဲ့ချေးတဲ့သူချေး၊ ရွှေပေါင်တဲ့သူတွေပေါင် ၊ အခက်အခဲကိုယ်စီနဲ့ စိုက်ထားရတာ။ ကျွန်တော်တို့ဒေသမှာက စိုက်ပျိုးရေးတစ်ခုတည်းကိုပဲ အဓိကလုပ်ကိုင်စားသောက်ရတာ။ အခု ပြောင်းခင်းက ပြန်ရတဲ့ငွေကို အကြွေးပြန်ဆပ်ပြီး ကျန်တဲ့ငွေလေးနဲ့ မိသားစုစားဝတ်နေရေးတွေ ဖြေရှင်းနေရတယ်။ ဒီခေတ်ကုန်စျေးနှုန်းနဲ့ ကျွန်တော်တို့ဝင်ငွေနဲ့ ဘယ်လိုမှမပြေလည်ဘူး” လို့ လေးမြို့ဒေသက ပြောင်းတောင်သူတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသဟာ ပြောင်းစိုက်ပျိုးမှု အဓိကထားတဲ့ဒေသဖြစ်ပြီး ဒီကထွက်တဲ့ပြောင်းကို ပြည်နယ်အတွင်းက မြို့နယ်အသီးသီးကို တင်ပို့ရောင်းချကြတယ်လို့ ပြောင်းတောင်သူတချို့က ပြောပါတယ်။

ပုံစာ- လေးမြို့ချောင်းဘေးကပြောင်းခင်းတစ်ခုနဲ့ မြောက်ဦးမြို့မှာ တွေ့ရတဲ့ ပြောင်းဖူးရောင်းချသူတချို့
ဓါတ်ပုံ- မော်ကွန်း

