ရန်ကုန် – ၂၀၂၅ ဧပြီ ၂ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ဒေသမှာ ငလျင်ဒဏ်ကြောင့် အိမ်ခြေပေါင်းထောင်ချီ ပျက်စီးခဲ့ပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
မြေပြင်မှာ နောက်ဆုံး ကောက်ယူထားတဲ့ အချက်အလက်တွေအရ အင်းလေးဒေသမှာ သေဆုံးသူဦးရေ ၄၀ ကျော်ထိ ရှိလာပြီး ကျေးရွာလေးရွာက အိမ်ခြေပေါင်း ၁,၅၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း ပရဟိတအသင်းတချို့က ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့လည်း ၎င်းပရဟိတအဖွဲ့တွေက အကူအညီတွေ တောင်းခံထားပါတယ်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသက ကေလာရွာဆိုရင် တစ်ရွာလုံးနီးပါး (နေအိမ် ၁,၀၀၀ ကျော်) ပျက်စီးသွားပြီး အိုင့်ထောင့်ကြီးရွာ၊ မြောင်းဝကြီးရွာ၊ ရှေ့ဝကြီးရွာတို့မှာ နေအိမ် ရာနဲ့ချီပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတချို့ကပြောပါတယ်။
ရာဂီမုန်တိုင်းဝင်ရောက်စဉ်ကာလတုန်းကလည်း အင်းလေးဒေသမှာ ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးတွေ အပြီးမသတ်နိုင်သေးခင် နောက်ထပ်အဖြစ်ဆိုးထပ်မံကြုံတွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ အင်းသားဒေသခံတစ်ဦးကပြောပါတယ်။
“တချို့ရွာတွေ အဆက်မသွယ်မရသေးဘူး။ ဆက်သွယ်ဖို့ခက်နေတော့ အကူအညီတွေလည်း မရသေးဘူး။ ဖုန်းလိုင်းအင်တာနက်မကောင်းဘူး။ သတင်းတက်တာလည်းနည်းတော့ အကူအညီတွေ လိုနေတယ်” လို့ ၎င်းကပြောပါတယ်။
လတ်တလောမှာ နေအိမ်ပျက်စီးသွားသူတွေအတွက် ယာယီနေထိုင်ဖို့ အမိုးအကာတွေ၊ သောက်သုံးရေ၊ အစားအစာနဲ့ ဆေးဝါးတွေ အဓိကလိုနေတာပါ။
အင်အားပြင်းငလျင်ကြောင့် အင်းလေးကန်ရဲ့ အထင်ကရ ဖောင်တော်ဦးဘုရားအပြင် နေအိမ်တွေနဲ့ ဟိုတယ်တွေလည်း အများအပြားထိခိုက်ပျက်စီးခဲ့တာပါ။
အင်းလေးဒေသခံတစ်ဦးကတော့ “အင်းလေးဒေသလေးကို တက်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်ဆီမှာက ဒေသခံတိုင်းရင်းသားတွေက ငွေကြေးမပြည့်စုံသူပိုများပါတယ်ဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ငလျင်ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးတဲ့ အရေအတွက် ၂,၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ အင်းလေးဒေသရှိတဲ့ ရှမ်းပြည်တောင်ပိုင်းအပါအဝင် မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ အပျက်အစီးများခဲ့တာကြောင့် စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာထားပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာပါ။

ပုံစာ – ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အင်းလေးကန်ကနေအိမ်တချို့
ဓါတ်ပုံ – အင်းလေးဒေသလူ့အခွင့်အရေး

