ရန်ကုန် – ၂၀၂၅ ဇွန် ၁၂ (မော်ကွန်း)
ဒီရက်ပိုင်းအတွင်း တရိပ်ရိပ်မြင့်တက်နေတဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ကို ရောက်ရှိလာပြီးနောက်မှာ ရွှေဆိုင်တချို့ကို ရွှေအတုံးအခဲရောင်းချမှုတွေရပ်ထားဖို့ ရွှေလုပ်ငန်းရှင်အသင်းက အသိပေးညွှန်ကြားလာတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ဒီနှစ်သင်္ကြန်ကာလ ပိတ်ရက်မတိုင်မီကာလက တစ်ကျပ်သား ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲရှိရာက ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းပိုင်းတွေမှာ ဆက်တိုက်မြင့်တက်လာတာပါ။
ဒီနေ့မွန်းလွဲပိုင်း ဈေးကွက်ဖွင့်လှစ်မှုအရ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇၉ သိန်း ငါးသောင်းကျော်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရွှေလုပ်ငန်းရှင်အသင်းတွေက ရွှေအတုံးအခဲ ရောင်းဝယ်တာတွေ ရပ်ထားဖို့ညွှန်ကြားချက်ကို ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက အရေးယူမယ်လို့လည်း အကြောင်းကြားထားတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မန္တလေးမြို့က မြန်မာချမ်းသာအကယ်ဒမီ အခေါက်ရွှေဆိုင်ကလည်း အကယ်ဒမီအခေါက်ရွှေ အတုံးအခဲရောင်းချခြင်းတွေကို ခေတ္တရပ်နားထားတယ်လို့ ဒီနေ့မွန်းလွဲပိုင်းက အသိပေးထုတ်ပြန်ထားပါတယ်။
ဒီလဆန်းပိုင်းထိ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းကျော်မှာပဲရှိနေရာက ဒီသီတင်းတစ်ပတ်ကျော်အတွင်းမှာပဲ ကျပ်ငါးသိန်းဝန်းကျင်ထိ ဆက်လက်မြင့်တက်လာတာပါ။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာမြင့်တက်နေဆဲဖြစ်သလို ပြည်တွင်းမှာလည်း ရွှေဝယ်လိုအားများနေဆဲဖြစ်တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောတယ်။
“ဒေါ်လာဈေးက သိပ်တော့ လှုပ်ခတ်မှုမရှိဘူး။ ရွှေပဲ တဖြည်းဖြည်းဆက်တက်နေတာတွေ့ရတယ်။ ဈေးတစ်ခုထိတက်ပြီး ပြန်တန့်သွားမယ်လို့ ယူဆရတယ်” လို့ ဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
နိုင်ငံတကာဈေးကွက်မှာ အမေရိကန်ရဲ့ ကုန်သွယ်ခွန်တိုးကောက်မှုတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက် စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်ခဲ့တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်ကြပါတယ်။
ဒါ့ပြင် ပြည်တွင်းမှာလည်း ငွေကြေးဖောင်းပွမှု အခြေအနေတွေကြောင့် ရွှေဝယ်ယူစုဆောင်းသူတွေ များလာတာကလည်း အခုလို ဈေးတက်လာတာလို့ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ် အခုလိုကာလတုန်းက ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၅၀ ဝန်းကျင်မှာပဲ ရှိနေရာက တစ်နှစ်ကျော်အတွင်း ကျပ်သိန်း ၃၀ နီးပါး မြင့်တက်လာခဲ့တာပါ။
အခုလို ပြင်ပဈေးကွက်မှာ ရွှေဈေးဟာ တစ်ကျပ်သား သိန်း ၈၀ ဝန်းကျင်ကို ရောက်လာပေမယ့် စစ်ကောင်စီရဲ့ ဓါတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ ဒီမနက်ပိုင်း ဈေးဖွင့်လှစ်မှုမှာတော့ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းကျော်မှာပဲ သတ်မှတ်ထားပါတယ်။
ပုံစာ – အကယ်ဒမီ အခေါက်ရွှေတုံးတချို့
ဓါတ်ပုံ – မော်ကွန်း

