ရန်ကုန် – ၂၀၂၂၅ စက်တင်ဘာ ၂၂ (မော်ကွန်း)
ပြီးခဲ့တဲ့လပိုင်းထဲက ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ ဒီနေ့မှာတော့ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကို ရောက်ရှိလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်ထိ တစ်ကျပ်သားကို ကျပ် ၇၉ သိန်းဝန်းကျင်မှာရောက်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ဒီနေ့ ရုံးဖွင့်ရက်မှာ ပြန်လည်မြင့်တက်ခဲ့တာပါ။
ဒီနေ့ညနေပိုင်း ဈေးကွက်အပိတ်မှာတော့ တစ်ကျပ်သား ကျပ်သိန်း ၈၀ နဲ့ ပြည်တွင်းရွှေဈေး ထိပ်စီးပြောင်းသွားခဲ့တာပါ။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာလည်း မတည်မငြိမ်ဖြစ်နေတာကြောင့် ပြည်တွင်းရွှေဈေးကလည်း လိုက်ပါလှုပ်ခတ်နေပြီး သတိထားအရောင်းအဝယ်လုပ်ဖို့ ရွှေဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က သတိပေးပါတယ်။
“ကမ္ဘာ့ရွှေကလည်း မငြိမ်ဘူးဗျ။ တက်ရင်လည်းထိုးတက်ပြီး ပြန်ပြန်ကျလာတာ။ အရောင်းအဝယ်တွေတော့ ဂရုစိုက်ပေါ့ အတက်အကျ ကြမ်းနေတယ်လို့ ပြောလို့ရတယ်” လို့ ဈေးကွက် လေ့လာသူတစ်ဦး ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ လက်ရှိမှာ ပြီးခဲ့တဲ့အပတ်က အမြင့်ဆုံးမြင့်တက်ခဲ့တဲ့ တစ်အောင်စကို USဒေါ်လာ ၃,၇၀၀ ကို ကျော်လွန်ကာ ဆက်လက်မြင့်တက်နေတယ်လို့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။
ဩဂုတ်လ နောက်ဆုံးပတ်တုန်းက ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းဝန်းကျင်မှာပဲ ရှိနေပြီး တစ်လအတွင်း တစ်ကျပ်သား ငါးသိန်းကျပ်ဝန်းကျင်ကို မြင့်တက်ခဲ့တာပါ။
ဒီနှစ် ဇွန်လပိုင်းကလည်း ပြည်တွင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော်ကို စံချိန်တင်ရောက်ရှိခဲ့ပြီး စစ်ကော်မရှင်တပ်က ရွှေဆိုင်တွေကို လိုက်လံဖမ်းဆီးစစ်ဆေးတာ၊ ရွှေအရောင်းအဝယ်ဈေးကွက်တွေကို ပိတ်ပင်ခဲ့ပါသေးတယ်။
အခုလို ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ရှိလာပေမယ့် စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ ရည်ညွှန်းရောင်းဈေးကို တစ်ကျပ်သားကို ၅၉ သိန်းဝန်းကျင်ပဲ သတ်မှတ်ထားပြီး ရည်ညွှန်းဈေးနဲ့ ဈေးကွက်ပေါက်ဈေးက သိန်း ၂၀ ကျော်ထိ ကွာဟနေပါတယ်။
ပုံစာ – အကယ်ဒမီအခေါက်ရွှေပြားများ
ဓါတ်ပုံ – မော်ကွန်း

