အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၁ (မော်ကွန်း)
သတင်းမီဒီယာသမားများအနေဖြင့် သတင်းဆက်လက်ရယူနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တင်ပြလိုက်ကြောင်း ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးကို အိမ်တွ်င်နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်ခြင်းကြောင့် သတင်းမီဒီယာများအနေဖြင့် သတင်းယူရန် အခက်အခဲများ ကြုံတွေ့နိုင် သဖြင့် ယခုလို တင်ပြရခြင်းဖြစ်ကြောင်း ဦးကျော်စွာမင်းက ပြောသည်။
“အခုလို အချိန်မှာ COVID ကာလလည်း ရှိတယ်၊ ရွေးကောက်ပွဲကာလလည်း ဖြစ်တယ်၊ သတင်းမှန်တွေ ပြည်သူတွေဆီကို စီးဆင်းဖို့ လိုအပ်တယ်၊ ဒီလိုစီးဆင်းမှုမရှိဘူးဆိုရင် ကောလဟာလသတင်းတု၊ သတင်းမှားတွေ များလာနိုင်တယ်၊ အဲဒါကြောင့် Stay at Home ကာလအတွင်း မနေ့က ထုတ်ပြန်တဲ့ အမိန့်ထဲမှာ သတင်းမီဒီယာလုပ်ငန်းအတွက် ထည့်သွင်းပေးဖို့ မေတ္တာရပ်ခံတာပါ”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ မေတ္တာရပ်ခံစာကို COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့ထံ ပေးပို့ လိုက်ပြီဟု ဦးကျော်စွာမင်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း အိမ်တွင်နေထိုင်ရေးအစီအစဉ်ကြောင့် နေ့စဉ်ထုတ်သတင်းစာများ ယာယီရပ်ဆိုင်းခြင်း အခြေအနေများ ရှိလာသည်။ ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်သတင်းစာကို စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ရပ်နားမည်ဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာတွင် အသိ ပေးသည်။ ထို့အပြင် ရန်ကုန်အခြေစိုက် စံတော်ချိန်သတင်းစာသည်လည်း စက်တင်ဘာ ၂၂ ရက်မှစတင်ပြီး ပြန်လည်ထွက်ရှိမည့်ရက်ကို ကြိုတင်အသိပေးမည်ဟု အယ်ဒီတာအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ကြေညာသည်။
“မြန်မာတိုင်းမ်အနေနဲ့ လောလောဆယ် ပုံနှိပ်ကို နားထားမယ်၊ အွန်လိုင်းကတော့ ဆက်ပြီးဖော်ပြမယ်၊ ဝန်ထမ်း တွေကတော့ လောလောဆယ် ရုံးတက်စရာမလိုဘဲ အိမ်ကနေပဲ လုပ်ကြမယ်၊ ဒီအမိန့် ရုပ်သိမ်းမှပဲ ကျန်တာ ပြန်ပြီး ကြည့်လုပ်မယ်” ဟု မြန်မာတိုင်းမ်စာတည်းမှူး ဦးနွယ်ဦးလှိုင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် အိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အစိုးရဝန် ထမ်းများအတွက် ညွှန်ကြားချက်များ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါဆို သည့် အချက်ကို ဖော်ပြထားပြီး သတင်းမီဒီယာသမားများအတွက် သီးသန့်ညွှန့်ကြားချက် ပါဝင်ခြင်းမရှိသည့်အတွက် သတင်းထောက်များ သတင်းရယူရန် အခက်အခဲ ကြုံတွေ့နေကြသည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် COVID -19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် အသွားအလာကန့်သတ်ထားသည့် နေရာတစ်ခုကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်၊
ဓာတ်ပုံ – အောင်ထူးနိုင်
#Dailynews

