ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၃ (မော်ကွန်း)
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ညနေပိုင်းကအသိပေးထားပါတယ်။
ရှမ်းတောင်ပိုင်းကနေမြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ စစ်တောင်းမြစ်ဟာ တောင်ငူမြို့မှာဆိုရင် နောက်တစ်ရက်အတွင်း လက်ရှိကနေ လေးလက်မခန့်သာ စတင်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ နောက်တစ်ရက်အတွင်း သုံးလက်မခန့်သာ ဆက်လက်ကျဆင်းနိုင်သေးပြီး စိုးရိမ်ရေမှတ်မှာဆက်ရှိနေမယ်လို့ သတိပေးထားတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် ပဲခူးတိုင်းထဲက တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေက ဒေသခံသောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
တောင်ငူမြို့နယ်ထဲမှာဆိုရင် ရေဘေးသင်တဲ့ ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး လူဦးရေရှစ်သောင်းကျော်ထိ ရေဘေးသင့်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ဒီနေ့မှာတော့ တောင်ငူမြို့ပေါ်မှာ ရေအနည်းငယ်ပြန်ကျသွားပြီဆိုပေမယ့် စစ်တောင်းမြစ်ကမ်းဘေးက ရွာတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ လူနေအိမ်တွေမှာ ရေလွှမ်းမိုးနေသေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြစ်ဘေးကတာဘောင်ကြီးနှစ်ဖက်က ရေမြုပ်နေတုန်းပဲ။ ကားလမ်းမကြီးပေါ်တော့ ရေမရှိတော့ဘူး။ အိမ်တွေထဲမှာတော့ ရေမကျသေးဘူး။ မြစ်နဲ့နီးတဲ့ အနိမ့်ပိုင်းတွေကတော့ ရေထဲမှာပဲ။ သွားလို့မရသေးတဲ့ နေရာတွေ၊ အကူအညီမလာနိုင်တဲ့ နေရာတွေတောင်ရှိသေးတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
အခုလ ၁၀ ရက်ကစပြီး နိုင်ငံတစ်ဝန်းမှာ အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် ရေကြီးနစ်မြုပ်မှုတွေ တစ်နိုင်ငံလုံးဖြစ်ခဲ့ကာ လူဦးရေသုံးသိန်းကျော်ကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက အခုလ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ – တောင်ငူမြို့မှာ ရေကြီးနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေပြင်ဆင်နေတဲ့ မြင်ကွင်း
ဓာတ်ပုံ – သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

