ပဲခူးအနောက် – ၂၀၂၃ ဩဂုတ် ၂၄ (မော်ကွန်း)
တရှိန်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းကို အမီမလိုက်နိုင်တာကြောင့် ဒီနှစ်စိုက်သမျှ အရှုံးပေါ်နေသလို ရာသီဥတုကြောင့် စိုက်ခင်းတွေပါ ပျက်စီးတာတွေကြောင့် ပိုရှုံးနေရတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းဒေသက ငရုတ်သီးစိုက်တောင်သူတချို့က ပြောပါတယ်။
“အခုရောင်းလိုက်တယ်။ ကိုယ်က ဒီစျေးနဲ့ရောင်းလိုက်တဲ့ငွေက နောက်တခါပြန်ရင်းရမယ်ဆိုရင် အရင်းပဲ ဖြစ်သွားတယ်။ အမြတ်ကမရှိတော့ဘူး။ ကုန်စျေးနှုန်းတွေတက်နေတော့ တစ်ခါအမြတ်က နောက်တစ်ခါအရင်းထဲပါသွားတာ”လို့ ပဲခူးတိုင်းအနောက်ခြမ်း၊ စစ်ကွင်းမြို့နယ်က ငရုတ်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။
ပိုးသတ်ဆေးတွေ၊ သွင်းအားစုတွေ၊ လုပ်သားခတွေ အကုန်ဈေးတက်နေတာကြောင့် ငရုတ်စိုက်တောင်သူတွေဟာ အရင်းအနှီး အဖြစ် ငရုတ်တစ်ဧကကို ကျပ်သိန်း ၂၀ အထိ ရင်းနှီးစိုက်ပျိုးနေကြရတာပါ။
ပုံမှန်သုံးစွဲနေကြ ဓါတ်မြေဩဇာဈေးက နှစ်ဆကြီးသွားသလို ငရုတ်သီးခူးတဲ့ အလုပ်သမားခဟာလည်း ဒီရာသီမှာ တစ်ရက် ၆,၀၀၀ ကျပ်နဲ့ ရှင်းရတော့ စရိတ်တွေ ပိုတိုးလာ တယ်လို့ ငရုတ်စိုက်တောင်သူတွေက ဆိုကြပါတယ်။
ဒါပေမဲ့ ငရုတ်သီးထွက်လာတဲ့အခါ ကုန်သည်တွေရဲ့ ဈေးနှိမ်မှုတွေ၊ ရာသီဥတုမမှန်တာကြောင့် အထွက်နှုန်းလျော့တာ တွေကြောင့် အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေရတာလို့ ငရုတ်တောင်သူတချို့က ဆိုပါတယ်။
” ငရုတ်စျေးနှုန်းကလည်းနည်းတယ်။ ကုန်စျေးနှုန်းကတက်တယ်။ အပင်တွေ ဘာတွေသေတော့ အထွက်နည်းတယ်။ စျေးနှုန်းကလည်းနည်းတယ်။ သီးနှံကလည်းမဖြစ်ထွန်းဘူး။ အဲဒီအတွက် ပြန်ရတာနည်းတယ်”လို့ ပဲခူးတိုင်းအနောက်ခြမ်း၊ စစ်ကွင်းမြို့နယ်ထဲက ငရုတ်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။
ငရုတ်တစ်ဧကအရင်း ကျပ်သိန်း ၂၀ လောက်သုံးထားရတဲ့ အခင်းကို ခူးဆွတ်ပြန်ရောင်းတဲ့အခါ ရှစ်သိန်းလောက်သာ ရတယ်လို့ သူက ဆိုတယ်။
မိုးရေကိုကြောက်တဲ့ ငရုတ်ပင်ဟာ ရက်ဆက်မိုးမိခဲ့ရင် အခင်းပျက်စီး၊ အပင်ရောဂါဝင်လွယ်တာကြောင့် အပျက်အစီးတွေ ရှိသလို အထားမခံတဲ့ ကုန်စိမ်းဖြစ်တာကြောင့် ကုန်သည်တွေက ဈေးနှိမ်ကျတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်းမှာ စိုက်ပျိုးနေတဲ့ ငရုတ်တောင်သူတစ်ဦးက ပြောပြတယ်။
” ငရုတ်သီးကအထားမခံဘူးလေ။ မိုးတွင်းဆိုတော့ ပျက်မှာကြောက်တော့ ရောင်းကြတာရယ်။ ကုန်သည်တွေကလည်း စိုက်တဲ့သူများတော့ စျေးနှိမ်ဝယ်ကြတာပေါ့”လို့ သူက ပြောပါတယ်။
ဒီမိုးရာသီမှာ ငရုတ်သီးအစိမ်းပေါက်ဈေးဟာ တစ်ပိဿာကို ကျပ် ၁,၁၀၀ ဈေးပေါက်ပြီး တစ်ခါ ခူးရောင်းရင် ကျပ်နှစ်သိန်းခွဲနဲ့ သုံးသိန်းကျော်အကြား ရရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။
ရန်ကုန်မြို့က လက်ကားဖြန့်ချိတဲ့ ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဩဂုတ် ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့တဲ့ဈေးတွေအရ ငရုတ်သီးစိမ်း တစ်ပိဿာကို ၁၅,၀၀၀ ကျပ်နဲ့ ၁၆,၀၀၀ ကျပ်ကြား ဈေးရှိသလို လက်လီပြန်ရောင်းတဲ့ ရပ်ကွက်ဈေးတွေမှာ တော့ ၂၀၀ ကျပ် ပေးရတဲ့ ငရုတ်သီးစိမ်း တစ်ထုပ်မှာ ငရုတ်တောင့် ၁၅ တောင့်နဲ့ ၂၀ တောင့်ကြား ထည့်သွင်း ရောင်းချနေတာကို တွေ့ရပါတယ်။
ပုံစာ – ပဲခူးတိုင်းအနောက်ခြမ်းက ယခုမိုးရာသီ ငရုတ်ခင်း
ဓါတ်ပုံ – ဒေသခံ
#Dailynews

