ရန်ကုန်-၂၀၂၅ ဩဂုတ် ၅ (မော်ကွန်း)
သူတို့ထိန်းချုပ်မြို့နယ်တွေထဲက တအာန်းလူမျိုးမဟုတ်သူတွေကို ဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းတာမျိုးမလုပ်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
တအားန်းတပ် (TNLA) ထိန်းချုပ်တဲ့ မိုးကုတ်မြို့မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ ဖမ်းခေါ်နေတယ်ဆိုတဲ့သတင်းတွေကိုတုံ့ပြန်ရင်း သူကရှင်းပြတာဖြစ်ပါတယ်။
တအာန်းမဟုတ်သူတွေနဲ့ပတ်သက်ရင် သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး နေထိုင်ရာမြို့ရွာရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေအတွက် ပူးပေါင်းတာဝန်ထမ်းဆောင်ကြဖို့ ညှိနှိုင်းလုပ်ဆောင်တာမျိုးတော့ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ တအာန်းလူမျိုးတွေကိုတော့ ဥပဒေအရ စာရင်းကောက်ယူတာတွေရှိတယ်လို့ သူကပြောပေမယ့် အသေးစိတ်ကိုမပြောပါဘူး။
TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက်ပိုင်း၊ သီပေါမြို့မှာ နေထိုင်သူတစ်ဦးက “ အိမ်ထောင်စုနဲ့ မှတ်ပုံတင်ကစာရင်းကို အရင်ယူလိုက်တယ်ရှင့်၊ အဲ့ဒီမှာစာရင်းက တအာန်းဆိုတာ ပါတယ်ဆိုရင် အကုန်ကောက်တယ်ပေါ့နော်။ အဖေရှမ်း၊ အမေတအာန်းလို ကပြားတွေကောက်တယ်။ အဖေကဗမာဖြစ်နေပေမဲ့ အဖိုးအဖွားကတအာန်းဆိုလည်း ယူတယ်။ အမျိုးသမီး၊ အမျိုးသား အကုန်ယူတယ်။ အသက် ၁၆နှစ်နဲ့အထက်တွေ ကောက်တာပေါ့” လို့ ဒေသအခြေအနေကို ရှင်းပြပါတယ်။
တအာန်း သို့မဟုတ် တအာန်းသွေးမနှောတဲ့ တခြားတိုင်းရင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်တာမျိုး သီပေါဒေသမှာမရှိဘူးလို့ပြောပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူတွေကိုတော့ လူမျိုးမရွေး၊ အသက်အရွယ်မရွေး အကုန်ဖမ်းတယ်လို့ ဆိုပါတယ်။
ဒီလူတွေထဲက အခြေအနေမဆိုးတဲ့တချို့ကို စစ်သားတာဝန်မဟုတ်တဲ့ အခြားအလုပ်သမားပုံစံနဲ့ စေခိုင်းတာတွေရှိတယ်လို့ သီပေါမြို့ခံက ပြောပါတယ်။ ဒီလိုအဖမ်းခံရသူတွေထဲမှာတော့ ရှမ်းတွေ၊ လီဆူတွေလို တအာန်းမဟုတ်သူတွေလည်းပါဝင်တယ်လို့ သူကဆိုပါတယ်။
TNLA ရဲ့ စစ်သားစုဆောင်းမှုကြောင့် သီပေါမြို့ပေါ်က တအာန်းနဲ့ တအာန်းသွေးနှောလူငယ်ပေါင်း ၃၀၀ နဲ့ ၅၀၀ ကြား ပါသွားနိုင်ချေရှိတယ်လို့ သူကခန့်မှန်းပေမယ့် တခြားထိန်းချုပ်မြို့တွေမှာ ဘယ်လို စုဆောင်းသလဲဆိုတာကို မသိဘူးလို့ပြောပါတယ်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေအပြင် မန္တလေးတိုင်းထဲက ပတ္တမြားထွက်ရာ မိုးကုတ်မြို့ကိုပါ စစ်ကောင်စီထံကသိမ်းထားတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လထဲမှာတော့ နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ပေးထားရတာဖြစ်ပါတယ်။
ပုံစာ- မြို့သိမ်းတိုက်ပွဲတစ်ခုမှာ တွေ့ရတဲ့ တအာန်းတပ်သားတချို့။
ဓါတ်ပုံ-PSLF/TNLA

