၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Poem ဖြစ်ပါသည်။
မင်းထက်မောင်
မိုးဦးလေဦး ညကြီးထဲ
လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်က
တအုံးအုံးနဲ့ သဲသဲမဲမဲ ရွာချခဲ့တဲ့ မိုးဟာ
အခုတော့ တိတ်လို့ ရပ်လို့ တန့်လို့သွား
အဲဒီအစား ကွဲပြားခြားနားတဲ့ ဖားအော်သံတွေက
ဆေးရောင်စုံတွေ ကြဲပက်ထားတဲ့
ပန်းချီကားတစ်ချပ်လို ရုန်းကြွဆူညံပွက်
ဖားမဟုတ်တဲ့ တခြား အင်းဆက်အကောင်ပလောင်တွေရဲ့
စူးစူးရှရှ အော်မြည်နေသံတွေကလည်း
စည်းချက်မှန်စွာ အရပ်အနားမရှိ တီးခတ်
ဘုရားဘက် အသံမစဲ ပဋ္ဌာန်းပွဲဆီက
လွင့်ပျံ့လာတဲ့ ပါဠိတော် ရွတ်ဖတ်သံတို့
ဋ္ဌာန်ကရိုဏ်းကျနစွာ ညထဲ ဖြတ်ရှ
လားရာမတူတဲ့ ဆန့်ကျင်ဘက် အရပ်ဆီကတော့
မြူးမြူးကြွကြွ ခေတ်ပေါ် စင်တင်တေးဂီတတွေ
လေသင့်ရာ ကျော်လွန်လျှံကျ ခပ်သဲ့သဲ့မက
ကြားဖြတ်လို့ တစ်ချက် တစ်ချက် ကြားရတာက
သိပ်မဝေးတဲ့ အဝေးပြေးကတ္တရာလမ်းမကြီးပေါ်
အမြန်ဖြတ်ကျော် မောင်းနှင်သွားကြတဲ့
အရေးပေါ် လူနာတင်ကားတွေရဲ့ ထုတ်လွှင့်သံအမျိုးမျိုး
အိုး … ဆိုးပလား မရိုးမရွလား
သန်းခေါင်ယံညထဲက အသံပေါင်းစုံကို
ငြိမ်သက်အာရုံစိုက်ကာ ခံစားနားထောင်နေမိတုန်း
ဗြုန်းဆို တိခနဲ မီးပျက်သွား
အမှောင်သား အနက်ပြင်ကြီးထဲ
သဘာဝတရားရဲ့ ရစ်သမ်များသာ ထီးထီးကျန်ရစ်
အဲဒီ ချစ်မက်ဖွယ် တဒင်္ဂဟာ လွှတ်လှတဲ့ ကဗျာ။
(၂၇.၅.၂၀၁၇)