မှိုင်းပြာမှုန်ရီနေ့ရက်များ

မင်းထက်မောင်

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ 

ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈)

အများပြည်သူ စီးနင်းတဲ့

ဘတ်စ်ကားကြီးနှစ်စီး

ခေါင်းချင်းတည့်တည့်ဆိုင်ပြီး တိုက်သလို

မိုက်လုံးကြီးတဲ့ အနက်ရောင်ခေတ်များ။

စီးကရက် မီးခိုးငွေ့တွေကို အဆုတ်ထဲ ရှူရှိုက်သွင်းပြီး

နီကိုတင်းနဲ့ တိတ်တဆိတ် အပျော်ကြူးသလို

ယဉ်ယဉ်ကလေး ရူးတဲ့ အဝါရောင်နှစ်များ။

ဒါဟာ မိုးရွာထဲ လမ်းလျှောက်တဲ့ ပမာမျှလို့

ငါတို့ ဖြတ်သန်းခဲ့ကြရ၊ ဖြတ်သန်းနေကြဆဲ

မထူးဆန်းတဲ့ ကိစ္စတစ်ခုမျှပါပဲ။

ကြည့်လိုက်၊ မလုံခြုံတဲ့ နေ့စဉ်ဘဝတွေဟာ

နှာစေးလိုက် ချောင်းဆိုးလိုက် အအေးမိလိုက် အပူမိလိုက်

ခေါင်းကိုက်ခြင်းဟာ သံသရာလည်မဆုံး။

ဒါပေမဲ့လည်း အပြုံးမပျက်ဘဲ ရှေ့ဆက်လှမ်းလို့

ခပ်လွမ်းလွမ်းဆိုကြတဲ့ သီချင်းတစ်ပုဒ်ထဲ

‘ပျော်တာပေါ့ အမေရယ်’တဲ့လား အတွင်းဒဏ်ရာများ။

ဒီလိုနဲ့ ဖျားနာသူတို့ရဲ့ နှလုံးသွေးတွေထဲ

ဆေးမတိုးတော့တဲ့ ရောဂါပိုးအပေါင်း ရွက်လွှင့်ကြ

ထိတ်လန့်ဖွယ် အင်မြူးခန္ဓာကိုယ်တွေနဲ့ပ။

ကဲ၊ ဒီ ဝဲသြဃထဲက ငါတို့ ဘယ်ပုံ ဖောက်ထွက်ကြအံ့

ဟိုမှာ သံတုတ်ကိုင်ထားတဲ့ စပယ်ယာတွေနဲ့

ဒီမှာ တိုက်ပုံဝတ်ထားတဲ့ နလပိန်းတုံးတွေနဲ့။

အချစ်ရေ၊ သမိုင်းမှာ ကမ္ပည်း တွင်ကျန်ရစ်အောင်

မင်းကို ကိုယ် ဘယ်လို ချစ်ရမှာလဲကွယ့်

လောလောဆယ်တော့ တစ်မြို့လုံးကို ရေတွေဖုံးလို့။

ဒီလောက်နဲ့ အဆုံးမသတ်ချင်သေးသမို့ ငါ ရှေ့ထပ်ဆက်

တုန်နေတဲ့ လက်ဟာ မိုးရေထဲ အေးစက်ထုံကျဉ်

နီနီရဲရဲ မီးကျီးခဲကို ကိုင်ဖို့လည်း အဆင်သင့်။

(၁၃.၇.၂ဝ၁၇)

#MawKunMagazine
#Min Htet Maung

ဆက်သွယ်မှာယူနိုင်စေရန်..

OFFICE
No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
phone: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine

အမျိုးအစား - ကဗျာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."