လုပ်ချင်တိုင်းလုပ်၊ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်မှုထမ်းဥပဒေ

ရန်ကုန် – ၂၀၂၄ ဧပြီ (မော်ကွန်း)

စစ်မှုထမ်းရမယ့်စာရင်းထဲ ကိုဖြိုးတစ်ယောက် မဲပေါက်သွားတဲ့နေ့ကစပြီး သူ့အမေဟာ နေ့တိုင်းငိုနေတယ်။

မိသားစုမှာ အကြီးဆုံးသားဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖြိုးဟာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တစ်ခုမှာ ရေသန့်ပို့တဲ့လုပ်ငန်းနဲ့ ဘေးတွဲဆိုင်ကယ်ပြေးဆွဲတဲ့ လုပ်ငန်းလုပ်ကိုင်သူပါ။

ကိုဖြိုးရဲ့ အောက်မှာတော့ အရွယ်မရောက်သေးတဲ့ ကျောင်းသားအရွယ် ကလေးနှစ်ယောက်ရှိပြီး ကိုဖြိုးမိခင်ကတော့ နေအိမ်မှာပဲကလေးထိန်းကာ ဖခင်ကလည်း ကျန်းမာရေးမကောင်းလို့ နေအိမ်မှာပဲ နားနေရသူပါ။

ကိုဖြိုးရဲ့ ရေသန့်ပို့တဲ့လုပ်ငန်းနဲ့ ဘေးတွဲဆိုင်ကယ်ပြေးဆွဲတဲ့ လုပ်ငန်းကရတဲ့ ဝင်ငွေနဲ့ပဲ မိသားစုတစ်ခုလုံး ရပ်တည်နေကြရတာပါ။

ယခုရက်ပိုင်းအတွင်း ကိုဖြိုးတို့ ရပ်ကွက်မှာ စစ်မှုထမ်းဖို့ အသက် ၂၄ နှစ်ကနေ ၃၀ ကြားရှိတဲ့ လူငယ်တွေ မဲနှိုက်ရမယ်ဆိုကာ ရာအိမ်မှူးအိမ်မှာ မဲနှိုက်ရွေးချယ်ခဲ့ကြပါတယ်။

အပိုင်းရှစ်ခုရှိတဲ့ ကိုဖြိုးတို့ရပ်ကွက်မှာ အပိုင်းတစ်ခုကို လူငယ်နှစ်ဦးနှုန်းနဲ့ရွေးချယ်ခဲ့ရာမှာ ကိုဖြိုးဟာ ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့ပါတယ်။

ရပ်ကွက်အပိုင်းဆိုတာဟာ ရပ်ကွက်တစ်ခုကို အပိုင်းအသီးသီးခွဲပြီး ရာအိမ်မှူးတစ်ဦးစီက တာဝန်ယူထားတာဖြစ်ပါတယ်။

ရပ်ကွက်တစ်ခုလုံးမှာမဲပေါက်သူ ၁၆ ဦးရှိပြီး အဲဒီမဲပေါက်သူတွေကို စစ်မှုထမ်းဖို့အကျုံးဝင်သူတွေအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွင်းရတယ်လို့ သူကပြောပါတယ်။

ကိုဖြိုးကတော့ အခုကာလမှာ သူ့လုပ်ငန်းကို တိုးချဲ့ဖို့နဲ့ အိမ်ဆိုင်လေးဖွင့်ပြီး မိသားစုကိုထောက်ပံ့ဖို့ စီစဉ်ထားတာကြောင့် စစ်မှုထမ်းဖို့ဆန္ဒမရှိဘူးလို့ ပြောပါတယ်။

“အခုတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ထွက်ပြေးပြန်ရင်လည်း အိမ်ကမိသားစုက ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အနာဂတ်အတွက် စဉ်းစားထားတာတွေလည်း အကုန်ဘာလုပ်ရမယ်မသိတော့ဘူး” လို့ သူက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (Photo – Mawkun)

လူငယ်တွေအတွက်အိပ်မက်ဆိုး

စစ်တပ်ဟာ အရပ်သားအစိုးရကိုဖမ်းဆီးအာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံအနှံ့ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်တဲ့စစ်ပွဲတွေ ပေါ်ပေါက်လာပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီဟာ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အရေးနိမ့်မှုတွေကြုံတွေ့နေရပြီး တပ်သားတွေ သေဆုံးထိခိုက်သူတွေ၊ ထွက်ပြေး၊ အညံ့ခံမှုတွေလည်း အများအပြားရှိလာပါတယ်။

အခုလို စစ်ရေးအကျပ်အတည်းကြုံတွေ့နေရတဲ့စစ်ကောင်စီဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်၂၀၁၀ နိုဝင်ဘာမှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေအရ အရွယ်ရောက်ပြီးနိုင်ငံသား ၁၃ သန်းကျော်ဟာ စစ်မှုထမ်းရမယ့်သူတွေအဖြစ် အကျုံးဝင်နေပြီး လူငယ်တွေအတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်လာပါတယ်။

အမျိုးသားဆိုရင် အသက် ၁၈ နှစ် ကနေ အသက် ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၂၇ နှစ်ထိ အကျုံးဝင်နေပြီး တတ်သိပညာရှင်အမျိုးသားဆိုရင်တော့ အသက် ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင်တော့ အသက် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

မတူညီတဲ့ စစ်မှုထမ်းဆင့်ခေါ်မှုများ

စစ်မှုထမ်းဥပဒေအာဏာတည်ပြီး တစ်လကျော်ကာလအတွင်းမှာပဲ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စာရင်းကောက်ယူကာ မဲဖောက်ရွေးချယ်မှုတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့မြို့ကြီးတွေနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ စတင်ပြုလုပ်လာနေပါပြီ။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအတွက်မဲနှိုက်ခိုင်းတဲ့ တရားဝင်ညွှန်ကြားချက်တွေ မရှိသေးသလို၊ ဆင့်ခေါ်မှုတွေစတင်နေပြီလို့ တရားဝင်ထုတ်ပြန်ထားတာလည်း မရှိသေးပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ စစ်မှုထမ်းဆင့်ခေါ်မှုတွေကို အခုရက်ပိုင်းအတွင်း ပြုလုပ်နေပါတယ်။

ကျေးရွာအုပ်စုတစ်ခု၊ ရပ်ကွက်တစ်ခုကို မဲပေါက်တဲ့လူငယ် ၂၀ ကျော်ထိရှိတဲ့ ရပ်ကွက်တွေရှိသလို ကျေးရွာ၊ အုပ်စုတစ်ခု၊ ရပ်ကွက်တစ်ခုကို နှစ်ဦးပဲ မဲပေါက်ထားတဲ့ ရပ်ကွက်တွေလည်းရှိပါတယ်။ နေရာဒေသတစ်ခုနဲ့တစ်ခု မတူညီတဲ့ပုံစံတွေကြောင့် လူထုအကြားမှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။

အခု မဲပေါက်ထားသူတွေဟာ စစ်မှုထမ်းဖို့လျာထားစာရင်းထဲကို ရောက်ရှိသွားပြီဖြစ်ပြီး စစ်တပ်က ဆက်လက်ရွေးချယ်ဖို့ရှိနေတယ်လို့ တောင်ဒဂုံမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက မော်ကွန်းကို အခုလိုပြောပါတယ်။

“အခုပေါက်တယ်ဆိုတာ ကနဦးလျာထားစာရင်းပေါ့။ သူတို့က တစ်ရပ်ကွက်ကို ဘယ်လောက်ထိခေါ်မလဲတော့ သေချာမသိသေးတော့ ကြိုပြီးရွေးထုတ်ထားတာ။ ရွေးတာကတော့ မဲစနစ်နဲ့ ရွေးပြီးသားလူတွေကို ဆေးစစ်တာတွေ၊ အချက်အလက်စစ်ဆေးတာတွေတော့ စစ်တပ်က စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက မြို့နယ်အလိုက် ပြန်ရွေးကြဦးမှာ”

စာရင်းကောက်ယူတာနဲ့ မဲဖောက်ရွေးချယ်ရာမှာ သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေကို ဦးစားပေးရွေးချယ်နေတယ်လို့ ပြောပါတယ်။

တစ်နှစ်ကို လူခြောက်သောင်းထိ ခေါ်ယူမယ်

မဲပေါက်တဲ့လူငယ်တွေ ဒါမှမဟုတ် စစ်မှုထမ်းဖို့အတွက် ရပ်ကွက်ရုံးကနေ ဆင့်ခေါ်စာရတဲ့သူတွေဟာ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဖို့ပါဝင်သူတွေအဖြစ် စာရင်းသွင်းရမှာဖြစ်ပြီး ပျက်ကွက်ရင်တော့ အရေးယူခံရမယ်လို့ ဆင့်ခေါ်စာတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ အရွယ်ရောက်သူဟာ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကဆင့်ခေါ်မှုကို ပျက်ကွက်ပါက သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးကတော့ လက်ရှိ စစ်မှုထမ်းဖို့အကျုံးဝင်သူအားလုံးကို တစ်ပြိုင်နက်ခေါ်ယူ မှာမဟုတ်ဘဲ တစ်နှစ်ကို လူဦးရေ ငါးသောင်းကနေ ခြောက်သောင်းထိ ခေါ်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပထမဆုံး အပတ်စဉ်ကို ဧပြီလအတွင်း စတင်ခေါ်ယူသွားမှာဖြစ်ပြီး လတ်တလောမှာတော့ အမျိုးသမီးတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ သားသမီးရှိတဲ့အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေနဲ့ စစ်မှုထမ်းဖို့ မသင့်လျော်ကြောင်း သတ်မှတ်ထားသူတွေဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရသူတွေဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ ကျန်းမာရေးအဆင့်မမီသူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ မူးယစ်ဆေးဝါးဖြတ်နေသူတွေ၊ ထောင်ဒဏ်ကျခံနေရသူတွေ၊ ပညာသင်ကြားနေသူတွေကတော့ စစ်မှုထမ်းဥပဒေကနေ ယာယီကင်းလွတ်ခွင့်ရထားပြီး နောင်တစ်ချိန်မှာတော့ စစ်မှုထမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရသူတွေကို ရှေ့တန်းကိုတန်းမပို့ဘဲ ကိုယ့်မြို့နယ်မှာပဲ တာဝန်ကျစေမယ်လို့ ပြောပါတယ်။

“သုံးလ စစ်သင်တန်းတက်ပြီးရင်၊ လုံးဝရှေ့တန်းမပို့ဘူး။ ကိုယ့်မြို့နယ်လုံခြုံရေးအတွက်ပဲ တာဝန်ထမ်းရမှာ။ ရှေ့တန်းပို့လိုက်ရင် အကုန် PDF နဲ့ ပေါင်းသွားမှာပေါ့” လို့ ၎င်း စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြောပါတယ်။

သူ့အနေနဲ့ အခုလိုပြောပေမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ ကိုယ်နေထိုင်တဲ့မြို့နယ်ထဲမှာ ပြန်တာဝန်ကျမယ်လို့ ဖော်ပြမထားပါဘူး။

အမျိုးသားဆိုရင် ၁၈ နှစ် ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် ၂၇ နှစ်ထိ စစ်မှုထမ်းဖို့အကျုံးဝင်နေပါတယ်။ (Photo – Mawkun)

တော်လှန်ရေးတပ်ဖွဲ့တွေဆီသွားမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အဓမ္မလူသစ်စုဆောင်းနေတာကို ဆန့်ကျင်ကြဖို့ ထုတ်ပြန်ချက်တစ်စောင်ကို မတ်လဒုတိယပတ်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားစုဆောင်းမှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မယ့် အစီအမံမှန်သမျှကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက်ရမှာဖြစ်ပြီး အဲဒီဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရေးအဖြစ် အွန်လိုင်းကနေ လက်မှတ်ထိုးရတဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ NLD နဲ့ NUCC တို့က နှိုးဆော်ထားတာပါ။

စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ ပြည်ပကို ထွက်ခွာသူတွေ၊ လွတ်မြောက်နယ်မြေတွေထဲကို ထွက်ပြေးသူတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီပူးပေါင်းသွားတာတွေ လုပ်ဆောင်လာကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ဟာ သူတို့တပ်ဖွဲ့မှာ တာဝန်ထမ်းလိုတဲ့လူငယ်တွေကို ဖိတ်ခေါ်တဲ့ ကြေညာချက်တွေလည်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်မှာ ထုတ်ပြန်လာပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF) ၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDF ၊ မြိတ်ခရိုင် တပ်ရင်း (၂) တို့က စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုသူတွေ ဆက်သွယ်နိုင်မယ့်အချက်အလက်တွေကို လူမှုကွန်ရက်တွေမှာထုတ်ပြန်ထားပြီး တပ်သားသစ်တွေအဖြစ် လက်ခံပေးနေတယ်လို့ ဆိုပါတယ်။

လပိုင်းအတွင်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့တချို့ကို လူငယ်ရာနဲ့ချီပြီး ဆက်သွယ်ဝင်ရောက်လာတာတွေ ရှိလာတယ်လို့ အဲဒီတပ်ဖွဲ့တွေကလည်း ထုတ်ပြန်ထားပါတယ်။

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က တပ်သားသစ်ခေါ်ယူခဲ့ရာမှာ လက်ရှိကာလအထိ ဆက်သွယ်လာတဲ့ လူငယ် နှစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။

အလားတူ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဆက်သွယ်လာတဲ့ လူငယ်ငါးဆယ်ကျော်ရှိပြီး၊ စစ်ကိုင်းခရိုင် PDF တပ်ရင်းမှာလည်း ဆက်သွယ်လာသူ တစ်ရာကျော်ရှိတယ်လို့ ယခုရက်ပိုင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တချို့ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း တပ်သားသစ်တွေ လက်ခံလိုပေမယ့် ငွေကြေးနဲ့ လက်နက်ခဲယမ်း အပြည့်အစုံ မတပ်ဆင်ပေးနိုင်တာကြောင့် ဆက်သွယ်လာသူတွေကို လက်မခံနိုင်သေးတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

လူငယ်တွေဟာ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေကို တရားဝင်လမ်းကြောင်းကရော တရားမဝင် လမ်းကြောင်းတွေကပါ ထွက်ခွာတာတွေ အများအပြားရှိနေပါတယ်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ကိုလင်းသူ(အမည်လွှဲ) ကတော့ ထိုင်းနိုင်ငံကို ရတဲ့နည်းတဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ဟိုဘက်မှာ ခေါ်ပေးမယ့်သူတွေရော၊ ဒီဘက်မှာ ပတ်စ်ပို့တွေရော အကုန်စီစဉ်နေတယ်။ ပိုက်ဆံတော့ သိန်း လေးငါးဆယ်တော့ ကျမယ်ထင်တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့မဲပေါက်တဲ့နေအိမ်တချို့ကလည်း မိသားစုလိုက်ထွက်ပြေးကြတာတွေ အခုရက်ပိုင်းမှာ ဖြစ်ပေါ်လာပါတယ်။

တောင်ဒဂုံမြို့နယ် (၅၆) ရပ်ကွက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မဲပေါက်တဲ့ လူငယ် ၂၀ အနက် လူငယ်တစ်ဦးဟာ မိသားစုလိုက် ပြောင်းရွှေ့သွားတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။

“မဲပေါက်ပြီး နောက်နေ့မှာပဲ မိသားစုလိုက် အိမ်တံခါးပါပိတ်ပြီး ထွက်သွားကြတယ်” လို့ ၎င်းရပ်ကွက်ထဲ နေထိုင်သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မြို့နယ်အနှံ့မှာ ဖြန့်ဝေနေတဲ့ စစ်မှုထမ်းဥပဒေအကြောင်းလက်ကမ်းစာစောင်။ (Photo – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ် MDY Image)

အဂတိမှု ပိုတိုးလာစေတဲ့ဥပဒေ

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းတာကို မစိုးရိမ်ကြဖို့နဲ့ ဒီဥပဒေက နိုင်ငံကာကွယ်ရေးအတွက် ရေရှည်စီမံကိန်းဖြစ်တယ်လို့ ပြောပါတယ်။

“ဒါတွေကို လုပ်ရခြင်းအကြောင်းရင်းဟာ Long-term Plan မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ပညာ၊ နိုင်ငံသားအားလုံး တတ်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ပြောထားပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ပြောပေမယ့် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေနေရာအနှံ့ဖြစ်ပွားနေတာကြောင့် လိုအပ်တဲ့ စစ်အင်အားစုဆောင်းဖို့ စစ်မှုထမ်းဥပဒေကို ထုတ်သုံးလာတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ခန့်ဟာ ယခုလ ၁ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ခဲ့ပါသေးတယ်။

စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်သားစုဆောင်းနေတာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်တာကြောင့် လုံခြုံရေးကောင်စီက ချက်ချင်းအရေးယူပေးဖို့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းတောင်းဆိုထားတာပါ။

နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သုတေသနလုပ်နေတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) က စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ အစီရင်ခံစာတစ်စောင်ကို ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းမှုကြောင့် လူထုထောက်ခံမှုကျဆင်းနေတဲ့ ဒီကာလမှာ သူတို့ရဲ့ စစ်သားစုဆောင်းမှုပုံစံတွေ အလုပ်မဖြစ်တော့တာကြောင့် အခုလို စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့တာလို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ကျဆုံးတာ၊ ကျန်းမာရေးမကောင်းတာ၊ တပ်ပြေး၊ လက်နက်ချ၊ CDM ဝင်တာတွေကြောင့် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်အင်အားဟာ တစ်သိန်းပြည့်ဖွယ်မရှိဘူးလို့ ISP Myanmar က ဆိုထားပါတယ်။

ဒီလိုအင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ အရင်အခြေအနေကို ရောက်ဖို့ အနည်းဆုံး တပ်သားသစ် တစ်သိန်းဝန်းကျင်လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနှစ်ဧပြီကစတင်ကာ အပတ်စဉ်တစ်ခုကို လူငါးထောင်နှုန်း လစဉ်ခေါ်ယူသွားမှာဖြစ်ပြီး တစ်နှစ်အတွက် အင်အား ခြောက်သောင်းနှုန်းရအောင်လုပ်ဆောင်မယ်လို့ လျာထားတာဖြစ်တဲ့အတွက် အာဏာမသိမ်းခင်က စစ်အင်အားကို ပြန်ရဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် လူထုအပေါ် ဖိနှိပ်မှုတွေတိုးလာကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာနိုင်ပြီး၊ အဂတိလိုက်စားမှုတွေ ပိုမိုကျယ်ပြန့်ကာ၊ ပြည်ပကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ထွက်ခွာမှုတွေ ရှိလာနိုင်တယ်လို့လည်း ISP Myanmar က သုံးသပ်ထားတာပါ။

လက်ရှိမှာလည်း စစ်မှုထမ်းဥပဒေကို ရပ်ကျေးအုပ်ချုပ်ရေးအဆင့်မှာပဲ နည်းလမ်းအမျိုးမျိုးနဲ့ ရှောင်လွှဲဖို့အတွက် ကြိုးပမ်းမှုတွေရှိလာပါတယ်။
တချို့ကျေးရွာတွေမှာ မဲပေါက်သူတွေဟာ ငွေပေးရင် စာရင်းကနေ ပြန်ဖျက်ပေးတယ်ဆိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ အဂတိလိုက်စားတဲ့ သတင်းတွေဟာလည်း ထွက်ပေါ်လာနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်တိုင်း ထောက်ကြံ့မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်စိန်(အမည်လွှဲ) ဟာ သားဖြစ်သူ စစ်မှုထမ်းဖို့ စာရင်းမှာပါဝင်တယ်လို့ ဆင့်ခေါ်စာပေးပို့ခံခဲ့ရပါတယ်။

ဒေါ်ခင်စိန်ကတော့ သူ့ရဲ့ တစ်ဦးတည်းသောသားကို စစ်မှုမထမ်းရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ အခုလိုပြောပါတယ်။
“‌ငွေဘယ်လောက်ကုန်ကုန် စစ်မှုထမ်းရှောင်ဖို့ (အာဏာပိုင်တွေဆီ) အကူညီတောင်းထားတာတွေတော့ရှိတယ်။ အဆင်မပြေရင်တော့ သားအမိနှစ်ယောက်လုံး တခြား (ပြည်ပ) ပြောင်းတော့မယ်။ ဒါမှမဟုတ် တောထဲဖြစ်ဖြစ်ပေါ့။ စစ်ထဲတော့လုံးဝမထည့်နိုင်ဘူး”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."