ဝက်လက် – ၂၀၂၂ နိုဝင်ဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိန်းမကားကျေးရွာ ရဲစခန်းကို မနေ့ည ၆:၀၀ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က စခန်းအနီးနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ နဂါးနီပျောက်ကြားတပ်ဖွဲ့(မတ္တရာ) တာဝန်ရှိသူကပြောပါတယ်။
ရှိန်းမကားကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ညနေပိုင်းကစတင်ပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
“မနေ့ညကတော့ သူတို့တွေတော်တော်အထိနာလို့ ည ၁၁:၀၀ နာရီကျော်လောက်မှာ မီးရှို့တယ်ဗျ၊ ဘယ်နှစ်အိမ်ပါလဲတော့ အတိကျမသိပါဘူးဗျ၊ တစ်ရွာလုံးလည်း သူတို့တွေမူးလာရင် ရမ်းပစ်လို့ ရွာကလူတွေမရှိတော့ပါဘူး”လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့(မတ္တရာ) တာဝန်ရှိသူကပြောပါတယ်။
ရှိန်းမကားကျေးရွာရဲစခန်းမှာ အာဏာသိမ်းတပ်၊ စစ်သားအင်အား ၅၀ ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တေံဘက်က ၈၀မမ ၊၁၂၀ မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်ပြီးသေဆုံးမှုအတိအကျကိုမသိရသေးဘူးလို့ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်ညက ရှိန်းမကားကျေးရွာရဲစခန်းကအာဏာသိမ်းစစ်တပ်၊ တပ်သားတွေ လက်နက်ကြီးရမ်းပစ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။
အဘွားတစ်ဦးနဲ့ အသက် တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦးဒဏ်ရာပြင်းထန်ရတာကြောင့် စစ်ကိုင်းဆေးရုံမှာကုသထားပြီး ကလေးဟာ အခြေနေစိုးရိမ်နေရဆဲ ဖြစ်ပါတယ်။
#Dailynews

