နေပြည်တော် – ၂၀၂၂ အောက်တိုဘာ ၁၅ (မော်ကွန်း)
တိုင်းပြည်အာဏာကို အရပ်သားအစိုးရထံမှ လုယူသိမ်းကာ နိုင်ငံတဝန်းပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသော အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌက သွားရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းပါတီက သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် လက်နက်ကိုင်ပဋိပက္ခသည် နိုင်ငံရေးပြဿနာကြောင့်ဟု ယုံကြည်သဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လာရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများအားလည်း ဖိတ်ခေါ်စေလိုကြောင်း စစ်ခေါင်းဆောင်ကို အကြံပြုခဲ့သေးသည်ဟုဆိုသည်။
ထို့အပြင် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့နေသော အာဏာသိမ်းစစ်ခေါင်းဆောင်အား ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုဆက်လက်မဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးရန် အကြံပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် မွန်ပြည်သစ်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည်။
#Dailynews

