လားရှိုး- ၂၀၂၄ ဇူလိုင် ၃ (မော်ကွန်း)
‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၂) ဖော်ဆောင်ပြီး ရှစ်ရက်မြောက်မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာသလို လက်နက်ကြီးကျည်ဆန်ကျရောက်ပေါက်ကွဲလို့ အရပ်သားသေဆုံးတာတွေရှိတယ်လို့ လားရှိုးမြို့ခံတချို့က ပြောပါတယ်။
မနေ့ည ၁၀ နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံတွေ၊ ပေါက်ကွဲသံတွေကို စတင်ကြားရသလို ဒီနေ့လယ်အထိလည်း ပစ်ခတ်ပေါက်ကွဲနေတုန်းပဲလို့ လားရှိုးမြို့အခြေစိုက်၊ အမှတ်(၄၁) ခြေလျင်တပ်အနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ဗျူဟာလမ်းမဘေးက အိမ်တွေကို လက်နက်ကြီးကျလို့ ခြောက်ယောက်သေတယ်လို့တော့ ကြားတယ်။ ဒီမနက်မှာပဲ ဖြစ်တာ။ အဲဒါက လားရှိုး အမှတ်(၁) ရပ်ကွက်အပိုင်ထဲမှာဖြစ်တာ။ ခြေတွေလက်တွေပြတ်ပြီးကို သေတာလို့ ဆေးရုံမှာသွားကြည့်ခဲ့သူက ပြန်ပြောပြတယ်” လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။
‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၂) စကတည်းက လားရှိုးမြို့ပြင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက မြို့ကိုဝိုင်းပတ်နေရာယူထားတာဖြစ်ပြီး အခုတိုက်ပွဲဖြစ်ပွားလာတဲ့အခါ စစ်ကောင်စီဘက်က မြို့ပြင်ပတ်ပတ်လည်က ရွာတွေကို လက်နက်ကြီးနဲ့ထုနေတာလို့ သူကဆိုပါတယ်။
ဒီနေ့လယ်ပိုင်းအထိ လားရှိုး-တန့်ယန်းလမ်းပိုင်း၊ လားရှိုးမြို့အထွက်က နမ့်ပေါင်ရွာဘက်မှာ တော်လှန်ရေး မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မြေပြင်တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး စစ်ကောင်စီကတော့ မြို့အဝင်အထွက်အားလုံးကို ပိတ်ထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမှာ လက်ရှိဈေးတွေပိတ်ထားကြသလို မြို့တွင်းမှာ လူသွားလူလာရှင်းလင်းနေပြီး လက်နက်ကြီးသံတွေ၊ လေယာဉ်ပျံအသံတွေ ဆူညံစွာကြားနေရတယ်လို့ သူတို့က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ အတွင်း ရှမ်းပြည်မြောက်ပိုင်းက တပ်စခန်းနဲ့ မြို့ရွာအများအပြားကို စွန့်လွှတ်လိုက်ရတဲ့စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ညီနောင်မဟာမိတ်တပ်တွေနဲ့ ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာတော့ တော်လှန်ရေးမဟာမိတ်တွေဘက်က ထိုးစစ်ကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
‘၁၀၂၇-စစ်ဆင်ရေး’အပိုင်း(၂) စတင်ပြီး ရှစ်ရက်လောက်အတွင်း ညီနောင်မဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီဟာ လက်နက်ခဲယမ်းအများအပြား၊ တပ်စခန်းအများအပြားကို ဆုံးရှုံးထားရပြီး ရှမ်းပြည်မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာကုန်သွယ်ရေးမှာ အဓိကကျတဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းမှာ စစ်ကောင်စီဟာ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချို မြို့တွေကလွဲရင် ကျန်မြို့ရွာတွေကို ‘၁၀၂၇-စစ်ဆင်ရေး’ အပိုင်း(၁)မှာ တော်လှန်ရေး တပ်ဖွဲ့တွေထံ ဆုံးရှုံးထားခဲ့တာဖြစ်ပြီး အခု လက်ကျန်လေးမြို့နဲ့ မန္တလေးတိုင်းထဲက မြို့တချို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
ပုံစာ- ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်း ၁၀၂၇-စစ်ဆင်ရေး စတင်တုန်းက လားရှိုးမြို့ကို စစ်ဘေးရှောင်လာတဲ့ ဒေသခံတချို့
ဓါတ်ပုံ- AKM

