ရေဂင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၇ (မော်ကွန်း)
လူအစုလိုက်အပြုံလိုက် COVID – 19 ကူးစက်ခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ဆိုင်မန်နေဂျာတို့ရဲ့ အာမခံလျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဒီနေ့ပယ်ချလိုက်တယ်လို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
“ကျွန်တော်တို့က အာမခံလျောက်တယ်။အစိုးရရှေ့နေက ကန့်ကွက်တော့ တရားရုံးကစောသေးတယ်ဆိုပြီး အာမခံပယ်လိုက်တယ်။ နောက်ကျမှ အခြေအနေကိုတင်ပြပြီး လိုအပ်တဲ့ဆေးစာတွေနဲ့ ခိုင်လုံအောင်ပြပြီး ထပ်လျောက်ရမှာ”လို့ တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းကပြောပါတယ်။
အဆိုပါအမှုကို အပတ်စဥ် သောကြာနေ့တိုင်း စစ်ဆေးရန်တင်ပြထားမှုကို တရားရုံးက လက်ခံလိုက်တယ်လို့ သူကပြောပါတယ်။
သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီလိုတရားစွဲဆိုဖို့ သင်္ဃန်းကျွန်းမြို့နယ် COVID ကော်မတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
စွပ်စွဲထားတဲ့ပုဒ်မအရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လတ်တလောမှာ ရောဂါပိုးကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်မြို့ကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသလို သင်္ဃန်းကျွန်းမြိုနယ်ဟာလည်း ရောဂါပိုးကူးစက်ခံရသူ အယောက် ၁,၉၀၀ ကျော်အထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- Music Zone KTV ပိုင်ရှင် နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၁၆ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခေါ်ဆောင်လာစဉ်
Photo: SITHU
#Dailynews

