ရန်ကုန်-၂၀၂၃ ဩဂုတ် ၈ (မော်ကွန်း)
စစ်အာဏာရှင်မှန်သမျှ အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေဖို့နဲ့ အာဏာရှင်စနစ်ရဲ့ အငွေ့အသက်အကြွင်းအကျန်ကင်းစင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နဲ့ အစားထိုးပြောင်းလဲနိုင်ရေး လက်တွဲညီညီချီတက်ကြဖို့ ဒီနေ့ကျရောက်တဲ့ ၃၅နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားမှာ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးကို အောင်ပွဲရတဲ့အထိ တစိုက်မတ်မတ်အရှိန်မြှင့်တင်မယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တစ်ပွဲထိုးစိတ်ဓာတ်နဲ့ ရှေ့ဆက်လို့မရပါဘူး။ တော်လှန်ရေးဖြစ်စဉ်ကြီးထဲမှာ တစ်ဆင့်ချင်းစီ အဆင့်အဆင့် ချိတ်ဆက်တက်လှမ်းရင်းနဲ့ တော်လှန်ရေးသက်လုံကိုမြှင့်ပြီး အောင်ပွဲရသည်အထိ ကြိုးစားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ကြီးရင့်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း အောင်ပွဲရသည်အထိ တော်လှန်ရေးဝီရိယကို တစိုက်မတ်မတ် မြှင့်တင်မယ်” လို့ ပြောပါတယ်။
ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြသူတွေရဲ့ မျက်နှာကိုငဲ့ကွက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးမှာ မဖောက်မပြန် မြဲမြံတဲ့ သစ္စာနဲ့ ရှေ့ဆက်ဖို့လိုအပ်တယ်လို့ ဒူဝါလရှီးလက ဆက်လက်တိုက်တွန်းပါတယ်။
အာဏာရှင်တွေကြောင့် အသက်တွေ ဘဝတွေရင်းပြီးခံစားခဲ့ကြရတဲ့ နိုင်ငံသားတွေအတွက် တရားမျှတမှုရရှိရေးအတွက် စစ်ရာဇဝတ်သားတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ခိုင်မာစွာစိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြောခဲ့တယ်။
“ဒီကနေ့ အကြမ်းဖက်စစ်တပ် အဘက်ဘက်က ယုတ်လျော့အားနည်းလာသော အခြေအနေ ကနေ အလဲထိုးအနိုင်ယူကာ မြန်မာမြေမှာ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ တန်းတူရေးနှင့် ခွင့်တူညီမျှစွာ ငြိမ်းချမ်းရေးပန်း ထာ၀ရရှင်သန်နိုင်စေဖို့ အဆုံးထိ နောက်မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်သွားမယ်”လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံနေ့ကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ အထိမ်းအမှတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြသလို ခုခံတော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးစတဲ့နေရာတွေမှာလည်း တော်လှန်ရေးအင်အားစုတွေက ဆန္ဒထုတ်ဖော်တာတွေ အသီးသီးလုပ်ဆောင်ခဲ့ကြပါတယ်။
ပုံစာ-ရန်ကုန်လူထုသပိတ်-Yangon People’s Strike က ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်မှာ “၈ ဂဏန်းနဲ့ တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်း” စာတန်းပါထီးတွေနဲ့ ဒီနေ့မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်
ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်-Yangon People’s Strike
#Dailynews

