စစ်တွေ- ၂၀၂၃၊ ဇွန် ၃၀ (မော်ကွန်း)
စစ်တွေဆိပ်ကမ်းမှာ ရေနစ်ပျောက်သွားတဲ့ရန်ကုန်ကသင်္ဘောသားသုံးဦးထဲက တစ်ဦးရဲ့အလောင်းကို ဒီနေ့နံနက် ၈:၀၀ နာရီကျော်လောက်မှာ ရှာတွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတာဝန်ခံကပြောပါတယ်။
“ငါးဖမ်းပိုက်ခွံမှာမိနေတာ။ အလောင်းကတော်တော်တော့ပုံပျက်နေပြီ။ ဂဏန်းတွေဘာတွေစားထားတာထင်တယ်” လို့သူကပြောပါတယ်။
အဲ့ဒီသင်္ဘောသားသုံးဦးလိုက်ပါလာတဲ့သင်္ဘောဟာ ရန်ကုန်ကနေစစ်တွေကိုကုန်ပစ္စည်းလာပို့တာဖြစ်ပါတယ်။
သင်္ဘောပေါ်မှာစားနပ်ရိက္ခာပျက်သွားလို့ လွန်ခဲ့တဲ့နှစ်ရက်ကညနေပိုင်းလောက်မှာ အဲဒီသင်္ဘောသား သုံးဦးဟာ သင်္ဘောပေါ်ကဖိုက်ဘာလှေနဲ့ဈေးထွက်ဝယ်ရင်း ချောင်နွယ်မင်းဂံဆိပ်ကမ်းအနီးမှာ ရေစီးသန်တာရယ် ပါလာတဲ့ပစ္စည်းအလေးချိန်ရယ်ကြောင့် လှေထဲရေဝင်နစ်မြုပ်ပြီး ပျောက်သွားတာလို့ ရှာဖွယ်ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
ပျောက်ဆုံးသွားတဲ့အမျိုးသားသုံးဦးဟာ အသက် ၃၀ ဝန်းကျင်ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ကဖြစ်တယ်လို့သိရပါတယ်။
ပျောက်ဆုံးနေသေးတဲ့ နောက်ထပ်သင်္ဘောသားနှစ်ဦးကိုလည်း ရှာဖွေနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို နံနက် ၁၀:၀၀ နာရီ နဲ့ ညနေ ၄:၀၀ နာရီမှာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောပါတယ်။
ပုံစာ- ပျောက်ဆုံးနေသည့်သင်္ဘောသားတစ်ဦးကိုပြန်လည်ရှာတွေ့ခဲ့စဉ်
Photo – မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
#Dailynews

