ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီး လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အခုလ ၂၆ ရက် မနက်အစောပိုင်းကစတင်ပြီး KNLA၊ PDF၊ ABSDF နဲ့ BPLA စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကျောက်တံခါးမြို့နယ်ထဲက နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက လပတ်ရွာ၊ နတ်သံကွင်းမြို့တွေကို “ဖားစည်ဟိန်းသံနဲ့ ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး”အဖြစ် တပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။
နတ်သံကွင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ ဒဏ်ရာရသူအများအပြားရှိသလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG က ဆိုပါတယ်။
မနေ့က မနက်ပိုင်းကလည်း ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ နီးပါး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းကြားမှာရှိတဲ့ ကျေးရွာတချို့ ကဒေသခံတွေ ပဲနွယ်ကုန်းမြို့ပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ သဲကောရွာခံတစ်ဦးကပြောပါတယ်။
“သူတို့တိုက်ပွဲစကတည်းက ရွာမှာအသံတွေကြားနေရတာ၊ တအုံးအုံးနဲ့။ ရွာအနောက်က လယ်ကွင်းတွေထဲ လက်နက်ကြီးတွေကျလို့ (တိုက်ပွဲ)မဖြစ်တဲ့ရွာတွေနဲ့ (ပဲနွယ်ကုန်း) မြို့ပေါ်တက်ရှောင်ရသေးတာ။ ရတဲ့ပစ္စည်းလေးတွေသိမ်းပြီး ရှောင်ရတာပေါ့” လို့ သူကပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ သဲကောကျေးရွာက ကျောင်းထိုင်ဆရာတော်တစ်ပါးပျံလွန်တော်မူခဲ့ပြီး အရပ်သား တစ်ဦးသေဆုံးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင် နတ်သံကွင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ကလေးငယ်တွေအပါအဝင် အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG က ဆိုပါတယ်။
NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲအနေနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းဖို့ လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီယန္တရားလည်ပတ်စေဖို့ ဆောင်ရွက်နေကြသူတွေလည်း ပြည်သူ့ဘက်ကို ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း နတ်သံကွင်းရဲစခန်းကို KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ နတ်သံကွင်းတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။
ပုံစာ-နတ်သံကွင်းမြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းများ။
ဓာတ်ပုံ-KNU

