ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၄ (မော်ကွန်း)
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် နောက်ဆုံးအကြိမ်မဲစာရင်းထုတ်ပြန်ရာ လာရောက်ကြည့်ရှုသူအလွန်နည်းပါးကြောင်း ယင်းမြို့နယ်ရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးခင်မောင်က မော်ကွန်းသို့ပြောသည်။
လတ်လော၌ တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခများကြောင့် နယ်မြေမငြိမ်းချမ်းသည့်အတွက် မဲစာရင်းကြည့်ရှုသူအလွန်နည်းပါးကာ လာကြည့်သူအရေအတွက်ကိုလည်း စာရင်းမပြုစုရသေးသည့်အတွက် အတိအကျပြောပြ၍မရသေးကြောင်း သူကရှင်းပြသည်။
“နယ်မြေကသိပ်မအေးချမ်းဘူးဆိုတော့ ကြည့်မဲ့သူသိပ်မရှိဘူး”ဟု သူကဆိုသည်။
မြို့နယ်အတွင်းရှိ မဲစာရင်းမကပ်နိုင်သည့် ကျေးရွာအုပ်စုများ၏ နောက်ဆုံးအကြိမ်မဲစာရင်းများကို စစ်ရှောင်စခန်းများတွင် ကပ်ထားကြောင်း ဦးခင်မောင်က ဆိုသည်။
သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ (ယနေ့) ထုတ်ပြန်ကြေညာခဲ့သည်။
ရသေ့တောင်မြို့နယ်တွင် နောက်ဆုံးအကြိမ်ထုတ်ပြန်သည့်မဲစာရင်း၌ မဲပေးခွင့်ရှိသူ ၈,၈၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၆၉ ရုံရှိသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ ၂၀၁၈ နှောင်းပိုင်းစစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ ၂၂၀,၀၀၀ ကျော်ရှိလာသည်။ ရသေ့တောင်မြို့နယ်သည် စစ်ရှောင်စခန်း ၃၆ ခုရှိပြီး စစ်ရှောင်ဦးရေ ၁၅,၇၀၀ ကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ အောက်တိုဘာ ၁ ရက်အထိ ထုတ်ပြန်သောစာရင်းတွင်ဖော်ပြသည်။
#Dailynews

