ရလလဖ သို့မဟုတ် တောင်ပေါ်မြေရဲ့ အခြားမျက်နှာ

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်

ထွန်းဝင်းငြိမ်း ရေးသည်။

နိဒါန်း

ရှမ်းရိုးမပေါ်မှ ကျယ်ပြန့်သော လွင်ပြင်ထဲတွင် ကျွန်တော်တို့ကားက တအိအိသွားနေသည်။ ပြာလွင်သောကောင်းကင်တွင် တိမ်တိုက်တချို့ လွင့်မျောနေသည်။ နီစွေးနေသော မြေသားထက်တွင် ပြောင်းခင်း၊ ပဲခင်း၊ ပန်းနှမ်းနှင့် စိုက်ခင်းတို့သည် စိမ်းတကန့်၊ နီတကန့်၊ ဝါတကန့်ဖြင့် အလွန်လှပသော ရှုခင်းများအဖြစ် မြင်တွေ့နေရသည်။ မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် တောင်တန်းများဖြင့် အနားသတ်ထားသော မြင်ကွင်းများက ဖမ်းစားနိုင်လွန်းလှသည်။ သို့သော် အလွန်လှပသည့် သည်နေရာသည် ဌာနတွင် နှစ်ပေါင်းများစွာ စစ်ပွဲများ ဖြစ်ခဲ့ကြသည်ဟုဆိုလျှင် မည်သူ ယုံကြည်ကြမည်နည်း။

ငြိမ်းချမ်းရေးကို စိုက်ပျိုးခြင်း

ရှမ်းပြည်လူမျိုးပေါင်းစုံတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ဤမြေဤရေတွင် ကျွန်ုပ်တို့နှင့်အတူ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။ မိမိတို့၏ လွတ်လပ်သောဒေသများတွင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုယ်ပိုင်ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ သမိုင်းတစ်လျှောက်တွင်လည်း တိုင်းရင်းသားအားလုံးနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတို့ကို ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် အိပ်မက်ကို တောတိုး၍ ငြိမ်းချမ်းရေးကို စိုက်ပျိုးခဲ့သူများလည်း ဖြစ်ပါသည်။

၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) Shan State Nationalities Peoples Liberation Organization (SNPLO/SSNPLO) ၏ နှစ် ၇၀ မြောက် ‘ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့’ အထိမ်းအမှတ် အခမ်းအနားဖြစ်သည်။ ထိုအခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်ရှိ နိုင်ငံရေးအင်အားစုနှင့် မီဒီယာများမှ အယောက် ၃၀ သည် ဒီဇင်ဘာ ၉ ရက် ညနေကားဖြင့် တောင်ကြီးသို့ ထွက်ခွာခဲ့ကြသည်။ ထို့အတူ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ ပခုက္ကူ၊ တောင်ကြီး၊ လွိုင်ကော် စသည့်ဒေသများမှ နိုင်ငံရေးအင်အားစုအသီးသီးလည်း တက်ရောက်ကြမည်ဟု သိရသည်။

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ၏ နှစ် ၇၀ မြောက် ‘ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့’ အထိမ်းအမှတ် အခမ်းအနားကို ရလလဖ နောင်ထောင်ဌာနချုပ်တွင် နှစ်စဉ်ကျင်းပသည်။ ပြည်မနိုင်ငံရေးအင်အားစုများကို နောင်ထောင်အရောက် ရလလဖမှ အကုန်အကျခံကာ ဖိတ်ကြားသည်။ ထိုအခမ်းအနားတွင် ရလလဖ အဖွဲ့ အစည်း၏ သမိုင်းနှင့် တိုင်းပြည်၏လက်ရှိနိုင်ငံရေး အခြေအနေများကို တင်ပြဆွေးနွေး ဖလှယ်ကြသည်။ ဤအခမ်းအနားကျင်းပရခြင်းသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရပါသည်။

Photo – Tun Win Nyein    ကယန်းပြည်သစ်ပါတီမှ လွမ်းသူ့ပန်းခွေ ချနေစဉ်

အလံသုံးလက်

ရလလဖ ၏ ကြွေးကြော်သံ အလံသုံးလက်မှာ (၁) စစ် အာဏာရှင်စနစ် အုပ်ချုပ်ရေးကို အလုံးစုံရုပ်သိမ်းပြီး စစ်မှန်သော ရာနှုန်းပြည့်ပါတီစုံ ဒီမိုကရေစီစနစ်အား ကျင့်သုံးရန် (၂) တစ်ပြည်ထောင် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်၍ တန်းတူသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည်နယ်နှင့် ညီညွတ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ချီတက်ကြရန် (၃) ပြည်တွင်းစစ် ချက်ချင်းရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးတည်ဆောက်ရေးတို့ကို သန္နိဋ္ဌာန်ချ၍ အတူလက်တွဲဆောင်ရွက်နိုင်ကြရန်တို့ ဖြစ်သည်။

ဤအခမ်းအနားကို ရလလဖက ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။ ရလလဖသည်  ရှမ်းပြည်အတွင်းရှိ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် ပြည်သူလူထု ကြီးနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးကို ဖြတ်သန်းခဲ့သလို ယခုအခါ နောင်ထောင်တွင် လူထုအကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်လည်း ဖြစ်သည်။ ယင်းအဖွဲ့အနေနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် လွှတ်တော်ပြင်ပတွင် ပင်လုံညီလာခံကဲ့သို့ အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပပေးရန် တောင်းဆိုထားသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Photo – Tun Win Nyein   ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းအပေါင်းကို အလေးပြုကြစဉ်

ရလလဖ ဆိုတာ

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၁၉၂၉ တွင် ပအိုဝ်းတောင်သူလယ်သမားတော် လှန်ရေးလှုပ်ရှားမှုမှ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ ဒီဇင်ဘာ ၁၁ ရက်မှစ၍ ရှမ်းပဒေသရာဇ် ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၇-၅၈ ဖဆပလခေတ်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်းဆိုသည့် ဝါဒဖြန့် မှိုင်းတိုက် မှုအောက်တွင် လက်နက်ကိုင်တော်လှန်ရေးတစ်ကြိမ် အဆုံးသတ်ခဲ့ရဖူးသည်။ ၁၉၆၆ တွင် ‘ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)(ပအလဖ)’ အမည်ဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်ဆင်နွှဲခဲ့ကြသည်။

၁၉၆၈ တွင် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)မှ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းပေါ်ပေါက်လာခဲ့သည်။ ၁၉၇၃ တွင် ရလလဖအဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးတွဲစစ်ဆင်ရေးအဖွဲ့ဖွဲ့စည်းကာ ‘ရောင်နီတပ်ဖွဲ့’ အမည်ဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ခဲ့သည်။ ၁၉၇၆ ထဲတွင် ဗကပကို လိုလားသော ပအိုဝ်းနီအဖြစ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ရလလဖ(SNPLO) အဖွဲ့နှင့် ဗကပကိုဆန့်ကျင်သော ပအိုဝ်းဖြူ ‘ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)’ အဖွဲ့အဖြစ် နှစ်ဖွဲ့ခွဲရပ်တည်ခဲ့ကြသည်။

ဗကပလိုလားသော အဖွဲ့ကို ရလလဖ (အနီ) (ပအိုဝ်းနီ) ဟုခေါ်ကြသည်။ ထိုအဖွဲ့ကို  ဥက္ကဋ္ဌဗိုလ်တာကလယ်၊ စောဖားမူ၊ ဗိုလ်မှူးလှမောင်၊ ဦးစိန်ရွှေ၊ ဦးစိုးအောင်လွင်တို့က ခေါင်းဆောင်ခဲ့ကြပါသည်။ ဗကပကိုမလိုလားသော အစု ‘ရလလဖ’ (အဖြူ) (ပအိုဝ်းဖြူ) ကို အဘယ (ခေါ် ) ဦးအောင်ခမ်းထီ၊ သထုံဦးလှဖေနဲ့ ဦးကျော်စိန်၊ ဦးမောင်မောင်တို့ ခေါင်းဆောင်ခဲ့ကြသည်။ ဥက္ကဋ္ဌဗိုလ်တာကလယ် ဦးဆောင်သည့် ရလလဖ (အနီ)သည် ပွန်ချောင်းအရှေ့ခြမ်း ကဒူးကြီး နားဟီးဒေသနှင့် နမ့်ဂွင်ကို အဓိကထားလှုပ်ရှားခဲ့သည်။ ဦးအောင်ခမ်းထီ ဦးဆောင်သည့် ရလလဖ (အဖြူ)က အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ မဲနယ်တောင်တန်းနှင့် ဟိုပုန်းမြောက်ဘက်ခြမ်းဒေသများတွင် လှုပ်ရှားခဲ့ကြသည်။

၁၉၇၇ တွင် ရလလဖ (အဖြူ) (ပအိုဝ်းဖြူ) သည်   ‘ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ပအမဖ)’ အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ပအိုဝ်းဒေသအတွင်းတွင် ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးမှ မွေးဖွားပေါ်ထွန်းလာခဲ့သည့် ဗိုလ်တကလယ် ဦးဆောင်သော ‘ရလလဖ’ အဖွဲ့ကို ‘ပအိုဝ်းနီ’ အဖွဲ့ဟု ခေါ်ကြပါသည်။ ၁၉၇၇ တွင် ဗိုလ်တာကလယ် ဦးဆောင်သည့် ရလလဖသည် ဗကပ ၁၀၈ စစ်ဒေသနှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများ လုပ်ခဲ့သည်။ ဥက္ကဋ္ဌဗိုလ်တာကလယ်နှင့် ဒုဥက္ကဋ္ဌစောဖားမူတို့သည် ပန်ဆန်းဌာနချုပ်ကို သွားရောက်ခဲ့ကြပြီး ဗကပခေါင်းဆောင်များနှင့် စစ်ရေး၊ နိုင်ငံရေး တပ်ပေါင်းစုရေးတွေကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။ ကလလတ အဖွဲ့နှင့် ကယန်းပြည်သစ်ပါတီစသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက် လှုပ်ရှားခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီးတွင် ရောက်ရှိလာခဲ့ကြသော ဒီမိုကရေစီအင်အားစုဝင် ကျောင်းသားလူငယ်များအား တတ်နိုင်သမျှ အကူအညီပေးရင်း လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ကြသည်။

Photo – Tun Win Nyein   ရှမ်းပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ဥက္ကဌ ခွန်စိန်ရွှေ

ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့ကြသည့်အတွက် ရလလဖသည် ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲ အကျပ်အတည်းများ ပေါ်ပေါက်လာခဲ့ရသည်။ သို့အတွက် ၁၉၉၄ အောက်တိုဘာလတွင်  ဥက္ကဋ္ဌဦးတာကလယ် ခေါင်းဆောင်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခေါ် (ပအိုဝ်းနီ)အဖွဲ့သည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူလိုက်ရပါသည်။ နအဖစစ်အစိုးရက ‘ရလလဖ’ ကို ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၁၃ အဖြစ် သတ်မှတ်ခဲ့သည်။ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မယူခင်အထိ ‘ရလလဖ’ (ပအိုဝ်းနီ) အဖွဲ့တွင် ဥက္ကဋ္ဌဦးတာကလယ်၊ ဒုဥက္ကဋ္ဌစောဖားမူ၊ အထွထွေအတွင်းရေးမှူး ဦးစိုးအောင်လွင်တို့က တာဝန်ယူခဲ့ကြပြီး ထင်ရှားသည့်ခေါင်းဆောင်များမှာ ဦးစိန်ရွှေ၊ ဗိုလ်မှူးချစ်မောင်၊ ခွန်ထိဆောင်၊ ခွန်သူရိန် တို့ဖြစ်သည်။

၂၀ဝ၆ ထဲတွင် ရလလဖအဖွဲ့ကြီးကို တစ်လျှောက်လုံး ခေါင်းဆောင်လာခဲ့သည့် ဦးတာကလယ်အား  နာယကအဖြစ် ပြောင်းလဲခံယူလိုက်ရချိန်၌ ရလလဖဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချစ်မောင်ဖြစ်လာခဲ့သည်။ ထိုကာလတွင် စစ်အစိုးရ၏ အမျိုးမျိုးသော သပ်လျှိုသွေးခွဲမှုများကြောင့် ရလလဖ (ပအိုဝ်းနီ)အဖွဲ့ထဲတွင် သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ဗိုလ်မှူးကြီးခွန်ထိဆောင်နှင့် ခွန်သူရိန်ခေါင်းဆောင်သည့်အဖွဲ့ ‘ရလလဖ’ မှ ခွဲထွက်သွားပြီး ‘ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့’  အမည်ဖြင့် နအဖစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရေး ပြန်ပြီးဆင်နွှဲသည်။ ဥက္ကဋ္ဌဗိုလ်မှူးချစ်မောင် ဦးဆောင်သည့်အစုက ၂၀ဝ၇ ဇူလိုင်လထဲမှာပင် နအဖထံအပြီးအပိုင် လက်နက်ချသွားသည်။ ရလလဖ ဌာနချုပ်စခန်း နောင်ထောင်တွင် ဥက္ကဋ္ဌဟောင်းဦးတာကလယ်နှင့် နာယကအဖွဲ့  ဆက်လက် ကျန်ရစ်ခဲ့သည်။

ဦးတာကလယ်သည် ကျန်ရှိနေသူများနှင့်အတူ ‘ရလလဖ’အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ဆက်လက်ဦးဆောင်ခဲ့သည်။ အဖွဲ့ဝင်အင်အား ၆၀ဝ ကျော် တက်ရောက်သည့် စုံညီအစည်းအဝေးတစ်ခု ကျင်းပပြီး ၂၀ဝ၇ ဇူလိုင် ၁၉ ရက်တွင် ၁၁ ဦးဖြင့် ရလလဖ ဗဟိုကော်မတီအသစ်ကို ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌဦးတာကလယ်၊ ဒုဥက္ကဋ္ဌခွန်စိန်ရွှေ၊ စောဖားမူ၊ အထွေထွေအတွင်းရေမှူးဦးစိုးအောင်လွင်၊ စစ်ဦးစီးချုပ်ဗိုလ်မှူးကြီးစိုင်းဖ၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီးမျိုးဆက်နှင့် အဖွဲ့ဝင်များအဖြစ် ဒုဗိုလ်မှူးကြီးစန်အော၊ ဖရာတန်ခွန်ထီး၊ ဒုဗိုလ်မှူးကြီးစိန်ဝင်းနောင်၊ ဒုဗိုလ်မှူးကြီးအောင်ရွှေလတ်၊ ဒု-ဗိုလ်မှူးကြီးချစ်ထွန်းတို့ ပါဝင်ကြသည်။ ရလလဖကို ၁၉၆၈ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ ခွဲထွက်ပြီးနောက် ဦးတာကလယ် ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ တွင် ဥက္ကဋ္ဌဦးတာကလယ် ကွယ်လွန်ပြီးနောက်ပိုင်း ဥက္ကဋ္ဌခွန်စိန်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်၊ အထွေထွေအတွင်းရေမှူးဦးအောင်ရွှေလတ်တို့က ယခုတိုင် ဆက်လက်၍ ဦးဆောင် တာဝန်ယူဆောင်ရွက်နေကြပေသည်။

Photo – Tun Win Nyein    ရှမ်းပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ အလံကိုင်အဖွဲ့

နှင်းငွေ့များက မပြယ်တတ်သေး

တောင်ပေါ်မြေပြန့်ဒေသမှ ဟေမန္တဆောင်းရက်များ၏ ကြိုဆိုပုံကို မမေ့နိုင်ပါ။ ခိုက်ခိုက်တုန်နေသော ကျွန်တော်တို့ခမျာ ထူထဲသော အနွေးထည်၊ ခြေအိတ်၊ လက်အိတ်၊ မာဖလာ၊ ခေါင်းစွပ်များနှင့် ပြန်လည်နှုတ်ဆက်ရပါသည်။ ထင်းရှုးတောနှင့် စိုက်ခင်းများကို ဖြတ်သန်းလာသည့် အရိုးခိုက်အောင်စိမ့်နေသော လေနုအေးက ကျွန်တော်တို့ကို ပွေ့ဖက်တိုးဝှေ့ကျီစယ်ကာ တောင်တန်းများဆီသို့ ထွက်ပြေးသွားပါသည်။ ကမ္ဘောဇတိုင်းတွင် ဒီဇင်ဘာ၏ ဟေမန္တဆောင်းရက်များ၌ မြောက်ပြန်လေနှင့် ဆုံဆည်းခွင့်ရသည့် ခရီးစဉ်မှာ လွမ်းဖို့ကောင်းနေပါတော့သည်။

ကျွန်တော်တို့သည် ကမ္ဘောဇတိုင်းက တောင်ကြီးအေးသာယာ အဝေးပြေးကားဝင်းသို့ ရောက်ရှိချိန်တွင် နှင်းငွေ့များက မပြယ်တတ်သေး။ မနက်ခင်း ၇ နာရီလောက်ရှိပြီ။ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ ပခုက္ကူ စသည့်ဒေသများမှ တက်ရောက်မည့်သူများကို တွေ့ရသည်။ အယောက် ၂၀ ဝန်းကျင်ခန့် ရှိမည်ထင်သည်။ သူတို့သည် အရုဏ်မတက်မီ ဝေလီဝေလင်း အချိန်ကတည်းက ရောက်ရှိနေကြသည်။ ရလလဖမှ လာရောက်ကြိုဆိုနေသော ဗိုလ်မှူးကိုထွေးက အားလုံးကို နွေးထွေးစွာလိုက်လံနှုတ်ဆက်သည်။ ရောက်လာသူများ အားလုံးစု၍ နောင်ထောင်သွားမည့် ကားပေါ်သို့ ပြောင်းရွှေ့ကာ ဆက်လက်ပြီး ခရီးနှင်ကြပါသည်။

တောင်ကြီး-ဆီဆိုင်-လွိုင်ကော်ကားလမ်းတစ်လျှောက်သည် ရှမ်းပြည်၏ တောင်ပေါ်မြေပြန့်ဒေသဖြစ်သည်။ တောင်ဆင်း တောင်တက်မရှိပါ။ လမ်းအနည်းငယ်ကျဉ်းသည်မှလွဲ၍ အကွေ့အကောက်နည်းပါသည်။ နောင်ထောင်ရွာသည် ဆီဆိုင်မြို့မှ ၁၂ မိုင်အကွာတွင်ရှိသည်။ ဆီဆိုင်မြို့သည် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (Pa-Oh National Organization- PNO)၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး နောင်ထောင်က ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ အထူး ဒေသ ၁၃ ဖြစ်သည်။

Photo – Tun Win Nyein   တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ လွမ်းသူ့ပန်းခြင်း

မွေတော်ကက္ကူဘုရား

နောင်ထောင်သို့ သွားရာလမ်းတွင် မွေတော်ကက္ကူဘုရား ဝင်ဖူးကြပါသည်။ မွေတော်ကက္ကူသည် စေတီပေါင်းများစွာ တစ်နေရာတည်းတွင်စု၍ တည်ထားခြင်းဖြစ်သည်။ မွေတော်ကက္ကူသည် ပအိုပ်းဘာသာစကား ကက်ကူမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ကက် = စခန်း၊ ကင်းစခန်း နှင့် ကူ=နယ်ခြားဖြစ်သည်။ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွေတော်ကက္ကူဘုရားရှိရာ ကက္ကူရွာ နေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင် နယ်အစပ်ဒေသတွင်ဖြစ်သည်။ ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်းလိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်ဟု ဆိုကြပါသည်။

မြန်မာပြည်ရှိ စေတီများနှင့် အချိုးအစား ပုံသဏ္ဌာန် အနည်းငယ်ကွဲပြားသည်။ မွေတော်ကက္ကူ စေတီတော်များ၏ ခေါင်းလောင်းမှောက်၊ ဖောင်းရစ်၊ ထီးတော်တို့သည်ထက် အောက်သွယ်၍ ရှည်လျားချွန်မတ်သည်။ ဘုရားတွင် ဆင်ထားသော ပန်းကနုတ်များက အနုစိတ်အမွှမ်းအပြောက်များဖြင့် ပြုလုပ်ထားသည်။ ဘုရားဝင်းအပြင်တွင် ညောင်ပင်ကြီးများရှိသည်။ ဘုရားနောက်ဖက်တွင် ဘုရားဈေးတန်းလေးရှိသည်။ ဘုရားများ၏နောက်တွင် နောင်မွန်အင်းရှိသည်။ ဒေသခံများက ကုန်းခြောက်လ ရေခြောက်လရှိသည်ဆိုသော နောင်မွန်အင်းသည် အမြဲတမ်း ရေမရှိဟုသိရသည်။

စေတီများမှာ ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ရှိပါသည်။ စေတီအရေအတွက်ကို ဖေဖော်ဝါရီ ၂၀ဝ၁ က ရေတွက်တဲ့ အခါ ၂,၄၇၈ ဆူ ရှိတယ်လို့ စာတမ်းတစ်စောင်မှာ ပါခဲ့ဖူးသည်။ ဘုရားတွေမှာ နတ်ရုပ်တွေပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ခရစ်နှစ် ၁၈၀ဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက တွက်ဆခဲ့သည်ကို အမှတ်ရမိသည်။ ၂၀၁၆ ဧပြီ ၂၂ ရက် ည ၈ နာရီဝန်းကျင်မှာ လေပြင်းဆိုင်ကလုန်း အပြင်းအထန်တိုက်ခတ်မှုကြောင့် အဆောက်အအုံများအပါအဝင် စေတီတော်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်မှာ ပျက်စီး၍မြေပေါ်သို့ခသွားခဲ့ရသည်ဟု မှတ်တမ်းများအရ သိရပါသည်။

Photo – Tun Win Nyein   ရလလဖဒုဥက္ကဌ ဦးစိုးအောင်လွင် (ရှေ့တန်းညာစွန် ထိုင်နေသူ) နှင့် အလံကိုင်တပ်ဖွဲ့ဝင်များ

နောင်ထောင်သို့

‘နောင်ထောင်မှ ကြိုဆိုပါ၏’ ဆိုင်းဘုတ်မှာ ဆီဆိုင်-လွိုင် ကော်ကားလမ်း၏ အရှေ့ဘက်ခြမ်း တောင်ပူစာလေး တစ်ခုပေါ် တွင်ရှိသည်။ ကားလမ်းအဝင်ဝ၌ အနီရောင်အောက်ခံတွင် အဖြူရောင်စာလုံးများဖြင့် အထူးဒေသ ၁၃၊  ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ‘နှစ် ၇၀ ပြည့် ရှမ်းပြည်ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့ အခမ်းအနား’ ခေါင်းစီးမုခ်ဦးကိုတွေ့ရသည်။ ထိုမှကားလမ်းအတိုင်း ငါးမိုင်လောက်ဝင်သွားလျှင် နောင်ထောင်ရွာသို့ ရောက်သည်။  ရွာမရောက်ခင် နှစ်မိုင်သာသာ လောက်ကတည်းက နောင်ထောင်အင်းရေပြင်ကို လှမ်းမြင်နေရသည်။ အင်း၏ အလယ်မှ ကုန်းမို့မို့ထက်တွင် ရွှေရောင်ဝင်းလက်နေသော စေတီတော်ကို ဖူးတွေ့ရသည်။ ဘယ်ဘက်ခြမ်းတွင် နို့နှစ်လုံးတောင်ရှိသည်။ ရှေ့ ညာဘက်ခြမ်း မလှမ်းမကမ်း၌ အင်းထဲသို့ စီးဆင်းရာ ရေထွက်စိမ့်စမ်းနေရာရှိသည်။ ဆပ်သွားဖူး၊ ဗျူးခြေထောက်၊ ရေသဖန်းစသည့်အပင်များနှင့် တောစပ်စပ်ကိုတွေ့ရသည်။

ရွာထဲကိုဝင်သည်နှင့် ကွေ့ဝိုက်စီးနေသော ချောင်းငယ်တွင် ပအိုးဝ်အမျိုးသမီးများ၊ ကလေးငယ်များ ရေချိုးနေကြသည်ကို မြင်ရသည်။ ထိုနေရာနှင့် မျက်စောင်းထိုးတွင် နောင်ထောင်ဈေးရှိသည်။ ‘ပန်းပျိုးလက်’ ပရဟိတကျောင်းရှိသည်။ ရွာလယ်ရှိ တောင်မြောက်သွယ်တန်းနေသော လမ်းမ၏ တစ်ဖက်တစ်ချက်တွင် ခြံဝင်းကျယ်အိမ်များကို တွေ့ရသည်။ အိမ်ခြေ ၃၀ဝ ခန့်ရှိသည်ဟု သိရသည်။ ရွာလယ်တွင် တိတ်ဆိတ်ပြီး ကျယ်ဝန်းသပ် ရပ်လှသည့် ဘုန်းတော်ကြီးကျောင်းရှိသည်။ အထက်တန်းကျောင်း ရှိသည်။ ဆုတောင်းပြည့်စေတီတော်ရှိသည်။ နောင်ထောင်အင်းမှ ရွာထဲရှိအိမ်ခြံဝိုင်းများကိုဖြတ်ကာ ရွာ့အရှေ့ဘက်ရှိ ပွန်ချောင်းထဲသို့ စီးဆင်းနေသောချောင်းငယ်ကလေးများစွာကို တွေ့ရသည်။ ရွာတောင်ဘက်ဖျား လမ်းမကြီး၏ဘေးတွင်  ရလလဖ ဌာနချုပ်နှင့် အာဇာနည်ဗိမာန်တို့တည်ရှိသည်။

Photo – Tun Win Nyein ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ နှစ် ၇၀ ပြည့် ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား

ဌာနချုပ်နှင့် အာဇာနည်ဗိမာန်

ကျွန်တော်တို့သည် နောင်ထောင် ရလလဖ ဌာနချုပ်သို့ နေ့လယ် ၁၂ နာရီလောက်ရောက်ကြသည်။ ဌာနချုပ်ရုံးရှေ့ ကွက်လပ်တွင် ရလလဖ ခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ကြပါသည်။ ကျန်းမာရေး မကောင်းသည့်ကြားမှပင် ဧည့်သည်များကို ပြုံးရွှင်စွာလိုက်လံနှုတ်ဆက်ရင်း ဓာတ်ပုံတွဲအရိုက်ခံနေသော အဘိုးလေးဟု ချစ်စနိုးခေါ်ကြသည့် ရလလဖ ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်ကို တွေ့ရပါသည်။ ဗိုလ်မှူးကြီးအောင်ရွှေလတ်၊ ဗိုလ်မှူးကိုထွေး၊ ဗိုလ်မှူးဘုန်းနိုင်၊ ဗိုလ်မှူးကျော်သူနှင့် အခြားခေါင်းဆောင်များကိုလည်း ဖက်လှဲတကင်း ရင်းနှီးစွာတွေ့ရပါသည်။ တည်းခိုရန်နေရာချထားစီစဉ်ပြီး နေ့လယ်စာထမင်းကျွေးပါသည်။ မနက်ဖြန်ပွဲနေ့အတွက် အသေးစိတ် အစီအစဉ်များကို ရေးဆွဲကြသည်။

အထိမ်းအမှတ်အခမ်းအနား ကျင်းပမည့်နေရာကို ဌာနချုပ်ရုံး၏ဘေးတွင် သပ်ရပ်စွာဆောက်ထားသည်။ နောက်ခံ ဗီနိုင်း၊ စကားပြောစင်နှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အဆိုအမိန့်စာသားများကို ဗီနိုင်းဘုတ်များဖြင့် ပြင်ဆင်ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ဌာနချုပ်၏တောင်ဘက်ကပ်လျက်တွင် ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် ကျဆုံးခဲ့ကြသောစစ်သည်များကို ဂုဏ်ပြုသည့်အာဇာနည်ဗိမာန် ရှိသည်။ ဟိုးအဝေးမှ ခရမ်းပြာတောင်တန်းများနှင့် အပြာရောင်ကောင်းကင်ကြီး၏နောက်ခံထဲတွင် အနီရောင်အာဇာနည်ဗိမာန်သည် ရဲရင့်တည်ကြည် ခိုင်မာပြတ်သားသောသူရဲကောင်းအာဇာနည်တို့၏ စိတ်ဓာတ်ကို ထင်ဟပ်လျက်ရှိသည်။

ဌာနချုပ်ရှေ့ရှိ ရွာလယ်လမ်းတွင် ပွဲဈေးတန်း ဆိုင်ခန်းများ ပြည့်နေသည်။ ဌာနချုပ်၏ အရှေ့ဘက်တွင်လည်း စတိတ်စင်နှင့် ပွဲဈေးတန်းဆိုင်ခန်းများကို တွေ့နေရသည်။ ပွဲဈေးတန်းရှိ လက်ဖက်ရည်ဆိုင်၊ အကျော်ဆိုင်၊ အသုပ်ဆိုင်များတွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာကြသောဧည့်သည်များ မိတ်ဖွဲ့တွေ့ဆုံကြသည်။ နက်ပြာရောင်ရိုးရာဝတ်စုံများနှင့် ဒေသခံပအိုဝ်း၊ လီဆူး၊ ရှမ်းစသော တိုင်းရင်းသားများကိုလည်း တွေ့ရသည်။ သူတို့နှင့် စကားသွားပြောကြည့်သောအခါ သူတို့ဗမာစကား သိပ်မပြောတတ်ကြပါ။ အချို့က တစ်လုံးစ နှစ်လုံးစပြောပြီး ရယ်ကြပါသည်။ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ မိသားစုလိုက်၊ အုပ်စုလိုက် ခြေကျင်သွားလာကြသည်က များပါသည်။ ထော်လာဂျီနှင့် လာကြသူများလည်း မနည်းလှပါ။

ညနေတွင် ရလလဖ မှ ဌာနချုပ်ရုံးရှေ့ ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပါသည်။ ယမကာချစ်သူများအတွက် စားပွဲများတွင် စီစဉ်ထားပေးသည်။ ဝက်သားကို အမျိုးမျိုးချက်ထားသော ဟင်းများက အရသာရှိလှသည်။ ဟင်းများကို လိုအပ်သလောက် လိုက်လံဖြည့်ပေးနေသည်မှာ အားနာဖို့ပင် ကောင်းလှပါသည်။ ဒေသခံတိုင်းရင်းသား လူငယ်မျိုးဆက်သစ်များနှင့် ပြည်မမှ ကျောင်းသားလူငယ်များ၏ တွေ့ဆုံမှုက ပိုမိုကောင်းမွန်သောအနာဂတ်ကို ပုံဖော်ကြပါလိမ့်မည်။ သွေးချင်းတို့၏ ရင်းနှီးချစ်ခင်မှုမှာ နောင်ထောင်၏ ညစာစားပွဲတွင် အတိုင်းသားတွေ့နေရ သည်။ ပကတိ ဟိတ်ဟန်မရှိ၊ အကွေ့အကောက်မရှိ၊ အနာဂတ် အိပ်မက်အတွက် တိုးလျှိုပေါက်ဖွင့်ထားသော ကျွန်တော်တို့ ရင်ဘတ်ချင်း ဂျက်ပင်ထိုးခဲ့ကြပါသည်။

ညစာစားပွဲ ပြီးသောအခါ ပွဲဈေးတန်း လမ်းလျှောက်ကြ သည်။ ပွဲဈေးတန်းတွင် ဈေးဆိုင်များထက် ဘောလုံး၊ မြားပစ်၊ ဖား၊ ငါးရှဉ့်၊ ကြက်၊ ဝက်၊ အတိတ်စိမ်း၊ အန်စာတုံး၊ တမ်ပိုလာအစရှိသည့် လောင်းကစားဆိုင်တွေက ပိုများနေသည်ဟု ထင်ပါသည်။ ကံစမ်းသော ကစားပွဲများ ဆိုတာထက် ဉာဏ်ဆင်ထားသော ဇယားကွက်များတွင် ဘယ်ထိုးသားမှ အနိုင်မရနိုင်ပါ။ နောက်ဆုံးတွင် ဒိုင်စားသည်ဟူသော ဝေါဟာရက အကြောင်းမဲ့ ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဟု ထင်မြင်မိပါသည်။ ချွေးနှဲစာများကို ရက်ရောစွာ ကံစမ်းနေကြသော တောင်ပေါ်သားတွေအတွက် လောင်းကစားဓလေ့ကို အားမပေးလိုပါ။ ပွဲဈေးတန်းထိပ် စတိတ်စင်ထက်မှ ပန်းပျိုးလက်လူငယ်ကလေးများ၏ မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းသံက ကြေကွဲဖွယ်ရာ ပျံ့လွင့်၍နေသည်။

Photo – Tun Win Nyein ပြည်မနိုင်ငံရေးအင်အားစုများ အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်

အခမ်းအနားနေ့

မနက် ၇ နာရီတွင် နောင်ထောင်အထက်တန်းကျောင်းရှေ့မှ အာဇာနည်ဗိမာန်သို့ ဂုဏ်ပြုချီတက်ကာ အလေးပြုပွဲ ပြုလုပ်သည်။ ရလလဖ ခေါင်းဆောင်များဦးဆောင်ပြီး မိသားစုများ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ၊ တစ်စုတစ်ဖွဲ့ချင်း အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချကြသည်။ အသင့်နေရာယူထားသော ဘင်ခရာတပ်ဖွဲ့နှင့် ကယန်းရိုးရာ တီးဝိုင်းအဖွဲ့တို့က တူရိယာသံစုံ တီးမှုတ်လျက် ဂုဏ်ပြုကြရာ လွမ်းဆွတ်ကြေကွဲဖွယ်အတိ ဖြစ်နေလေတော့သည်။

ဂုဏ်ပြုချီတက်အလေးပြုပွဲပြီးသောအခါ နံနက်စာ မုန့်ကော်ဖီများ ကျွေးမွေးပါသည်။ ထို့နောက် နိုင်ငံရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို နံနက် ၈ နာရီခွဲမှာ စတင်သည်။ နိုင်ငံရေး နှီးနှောဖလှယ်ပွဲအား နံနက် ၈ နာရီခွဲမှ ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီ မှ ၃ နာရီခွဲထိ ကျင်းပပါသည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုလေးဖွဲ့၊ နိုင်ငံရေးပါတီ နှစ်ခု၊ နိုင်ငံရေးအင် အားစု ၁၀ ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း ခြောက်ဖွဲ့၊ ကျောင်းသား၊ လူငယ် တစ်ဖွဲ့၊ အမျိုးသမီး အဖွဲ့အစည်း သုံးဖွဲ့နှင့် ဒေသခံတိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုအင်အား ၃၀ဝ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

Photo – Tun Win Nyein  ရလလဖမှ ဗိုလ်မှူးဘုန်းနိုင်နှင့် ပအိုဝ်းပျိုဖြူများ

ထိုနှီးနှောဖလှယ်ပွဲကြီးတွင် လက်ရှိတိုင်းပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ် ပြဿနာ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါင်း၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရှုံးနေရသော ပြဿနာ၊ လယ်သမား၊ အလုပ်သမားတို့၏ ရပိုင်ခွင့်နှင့် လူမှုဘဝဆုံးရှုံးနေမှုများ၊ ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေးစနစ်တောင်းဆိုလှုပ်ရှားနေမှုများ၊ နယ်ပယ်ဒေသအသီးသီးရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် သဘာဝပတ်ဝန်းကျင် သယံဇာတထိခိုက်ဆုံးရှုံး နစ်နာနေမှုများ၊ ဘာသာရေး လူမျိုးရေး အစွန်းရောက်ဖိနှိပ်မှုများ စသည့်အထွေထွေ အကျပ်အတည်းများကို ရင်ဆိုင်နေရကြောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

Photo – Tun Win Nyein   ကလလတမှ ဗိုလ်ဉာဏ်မောင်မဲနှင့် ပြည်မနိုင်ငံအရေး အင်အားစုမှ မဟာမိတ်ရဲဘော်များ

တိုင်းပြည်နှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတို့ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာအားလုံး၏ အရင်းခံ အကြောင်းတရားဖြစ်သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးသည် ပြဿနာအားလုံး၏ အဓိက သော့ချက် ဖြစ်နေပေသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့မှာ ဖြစ်ပေါ်နိုင်ရန် အလှမ်းဝေးနေဆဲဟု ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ကာလ တိုင်းပြည်၏ အခြေအနေသည် နိုင်ငံတကာ မျက်နှာစာတွင် UN၊ EU ၊ ICC ၊ ICJ တို့တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ၊ လူမျိုးတုံးသတ်ဖြတ်မှု စသည့်ကိစ္စရပ်များဖြင့် တရားရင်ဆိုင် ဖြေရှင်းနေရပေသည်။ ထိုသို့ဖြစ်ရခြင်းသည် တိုင်းပြည်၌ ပြည်တွင်းစစ် ရှည်ကြာခြင်း၊ စစ်ဗျူရိုကရက် ယန္တရား ကြီးစိုးနေခြင်း၊ စစ်တပ်သည် အာဏာရအရပ်သားအစိုး၏ ထိန်းချုပ်မှုအောက်တွင်မရှိခြင်း၊ အာဏာရအရပ်သားအစိုးရ ကိုယ်တိုင်မှာလည်း ဖော်ပြပါ ချိုးဖောက်နေသည့် ကိစ္စရပ်များကို တားဆီးကာကွယ်နိုင်မှု အားနည်းချို့ယွင်းချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြပါသည်။

Photo – Tun Win Nyein   ပြည်မနိုင်ငံရေးအင်အားစုမှ ရဲဘော်များ

နိုင်ငံရေးနှီးနှောဖလှယ်ပွဲကြီးတွင် အထက်ဖော်ပြပါ အထွေထွေအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် လတ်တလောအားဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးနှင့် အင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူ တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးကို ဆောင်ရွက်ရန်၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသောဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစားလိုက်နာပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။ နိုင်ငံရေးနှီးနှောဖလှယ်ပွဲ၏ သဘောထား ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

အခမ်းအနားအပိတ် မိန့်ခွန်းကို ရလလဖ ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေက ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ပြောတော့သာ ပြည်ထောင်စုလို့ ပြောနေတာ တကယ့်တကယ် လုပ်တဲ့အခါကျတော့ တစ်ပြည်ထောင်ဖြစ်နေတယ်။ အဲဒါ ဘာလို့ဖြစ်လာတာလဲဆိုတော့ မဟာကြောင့်ဖြစ်လာတာ။ တချို့ကတော့ မဟာဗမာ လူမျိုးကြီးဝါဒလို့ ပြောကြတာတွေရှိပါတယ်။ သိမ်းကျုံးပြီးတော့ မပြောချင်ပါဘူး။ အဲဒီ မဟာလူမျိုးကြီးဝါဒဟာ ဗမာကကျင့်သုံးရင် မဟာဗမာလူမျိုးကြီးဝါဒ ဖြစ်မှာပဲ။ ကရင်က ကျင့်သုံးရင်လည်း မဟာကရင်လူမျိုးကြီးဝါဒ ဖြစ်မှာပဲ။ မွန်က ကျင့်သုံးရင်လည်း မဟာမွန်လူမျိုးကြီးဝါဒ၊ ရှမ်းက ကျင့်သုံးရင်လည်း မဟာရှမ်းလူမျိုးကြီးဝါဒ ဖြစ်မှာပဲ။ တကယ့်တကယ်ကျင့်သုံးတဲ့အခါ ကျတော့လည်း ဗမာတစ်မျိုးသားလုံးအတွက် ကျင့်သုံးခဲ့တာ မဟုတ်ပါဘူး။ ဖောက်ပြန်တဲ့ ခေါင်းဆောင်တစ်စုက ကျင့်သုံးခဲ့တာဖြစ်ပါတယ်”ဟု ခေတ်အဆက်ဆက် အာဏာရအစိုးရများကို ထောက်ပြပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဥက္ကဋ္ဌခွန်စိန်ရွှေက “ဒီတော့ ဒီမဟာဆိုတာကို ဖြုတ်လိုက်ရင် ပြည်ထောင်စုစစ်စစ်ဆိုတာ ပေါ်လာလိမ့်မယ်။ ပြည်ထောင်စုစစ်စစ်ဖြစ်လာရင် လူမျိုးတိုင်းအတွက် တန်းတူအရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ပါလာမှာ၊ မကျေနပ်မှု တွေပျောက်သွားရင် ပြည်တွင်းစစ်ဆိုတာ ရပ်သွားမှာပဲ။ လက်ရှိ အစိုးရလုပ်နေတာကတော့ ငြိမ်းချမ်းရေးခေါ်လိုက်မယ်။ နယ်ခြားစောင့်တပ်လုပ်ပေးလိုက်မယ်။ ပြည်သူ့စစ်တွေ ဖွဲ့ပေးလိုက်မယ်။ အဲဒါဆိုရင် ငြိမ်သွားမယ်လို့ သူတို့ထင်နေတယ်။ မဟာမပျောက်သမျှ ပြည်ထောင်စုစစ်စစ် ဖြစ်မလာဘူး။ ပြည်ထောင်စုစစ်စစ် မဖြစ်သမျှ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးကို လိုချင်ရင် ဟိုးအဆုံးအထိ အကြောင်းရှာကြပါ” ဟု လက်ရှိတာဝန်ရှိသူ အသီးသီးအား တိုက်တွန်းပြောဆိုခဲ့သည်။

Photo – Tun Win Nyein  ရလလဖဥက္ကဌ ခွန်စိန်ရွှေနှင့် အခမ်းအနားတက်ရောက်သူ ပရိသတ်များ

Photo – Tun Win Nyein  ဦးခင်မောင်အေး၊ ဦးမြင့်အောင်၊ ဦးစံနုနှင့် ရလလဖ ဒုဥက္ကဌ ဦးစိုးအောင်လွင်

Photo – Tun Win Nyein   ပွဲဈေးတန်းမှ လောင်းကစားဆိုင်များတွင် တိုးဝှေ့နေသော ထိုးသားများ

အဖွဲ့အစည်း၊ အင်အားစုများ

နိုင်ငံရေးနှီးနှောဖလှယ်ပွဲကြီးတွင် ပါဝင်တက်ရောက်ကြသော အဖွဲ့အစည်း အင်အားစုများမှာ စုစုပေါင်း ၂၆ ဖွဲ့ရှိသည်။ ထိုအဖွဲ့အစည်းများမှာ ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ၂၀ဝ၇ ရွှေဝါရောင်သံဃာတော်များကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မှော်ဘီ)၊  ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မြင်းခြံ)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မုံရွာ)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပဲခူး)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပခုက္ကူ)၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော် များ၊ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု၊ လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ (မုံရွာ)၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ တရားမျှတရေးနှင့် အမှန်တရားပေါ်ပေါက်ရေးကော်မတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဝိမုတ္တိအမျိုးသမီးများအဖွဲ့၊ လူ့ဘောင်သစ်လူငယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဆီဆိုင်)၊ အလုပ်သမားများသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WSLB တို့ ဖြစ်ကြသည်။

Photo – Tun Win Nyein  အခမ်းအနားကို ကြွေးကြော်သံများဖြင့် ပိတ်သိမ်းနေသော ပြည်မနိုင်ငံရေးအင်အားစုမှ ရဲဘော်များ

နိဂုံး

ကျွန်တော်တို့သည် ၁၂ ရက် မနက် ၈ နာရီလောက်တွင် နောင်ထောင် ရလလဖဌာနချုပ်ကို နှုတ်ဆက်ကာ တောင်ကြီးမြို့သို့ ပြန်ခဲ့ကြပါသည်။ လမ်းဘေးဝဲယာတွင် ပြောင်းခူးနေကြသော ပအိုဝ်းယာသမားများကို မြင်နေရသည်။ မြေယာကို ခင်တွယ်စွာဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုရင်း ဘဝခရီးကိုနှင်နေကြရရှာသော ပအိုဝ်းတိုင်းရင်းသားများ၏ မျက်နှာတွင် ခင်မင်နှစ်လိုဖွယ် အပြုံးများကိုလည်း ကြည်နူးဖွယ် မြင်ယောင်နေဆဲ ဖြစ်ပါသည်။ တိုင်းပြည်၏သမိုင်းအချိုးအကွေ့တွင် နိုင်ငံရေးလောကဓံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံရသော်လည်း ကြံ့ကြံ့ခံကာ တောင်ပေါ်မြေ၏ အခြားမျက်နှာတွင် ရှမ်းပြည်လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူလူထုကြီးတစ်ရပ် လုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ရလလဖ အဖွဲ့ကြီး၏ အားထုတ်ကြိုပမ်းမှုများကို အစဉ်အလေးထား အမှတ်ရနေမည်သာ ဖြစ်ပါတော့သည်။


#Travelouge


အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."