ရန်ကုန်-၂၀၂၄ မေ ၈ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း ကင်းပုန်းတွေချပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့တွင်းက မြို့နယ်တွေဖြစ်တဲ့ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုစွန်တောင်စတဲ့မြို့နယ်တွေအတွင်းက လမ်းဆုံလမ်းခွတွေမှာ ကင်းပုန်းတွေချထားသလို အခြားမြို့နယ်တွေမှာလည်း ကားတွေနဲ့ ကင်းလှည့်တာတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
“သင်္ကြန်ပြီးကတည်းက မြို့ထဲမှာဆို (စစ်ကောင်စီတပ်သားတွေ)သိပ်တွေမတွေ့တော့ဘူး။ ဒါပေမယ့် ဒီရက်ထဲပြန်ပြီးကင်းတွေချထားတာသတိထားမိတယ်။ သုံးလေးရက်လောက်ရှိပြီ။ တစ်နေရာကို သုံးယောက်တစ်စု၊ လေးယောက်တစ်စုချထားတာ။ တချို့နေရာတွေမှာ ရဲတွေချည်းပဲ၊ တချို့နေရာတွေကျတော့ ရဲကော စစ်သားကော။ မော်တော်ပီကယ်ကင်းတဲတွေမှာလည်း စောင့်နေကြတာတွေရှိတယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရန်ကုန်မြို့တွင်းနေရာတွေဖြစ်တဲ့ ဆူးလေလူကူးကုန်းတံတားအနီး၊ ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ သိမ်ဖြူလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်မြတ်ထွန်းလမ်း စတဲ့လမ်းဆုံနေရာတွေနဲ့ လှည်းတန်း၊ လှိုင်၊ ကမာရွတ်၊ သင်္ဃန်းကျွန်းမြို့နယ်တွေမှာလည်း မကြာခဏ ကင်းပတ်တာတွေ တွေ့ရပါတယ်။
“လူကြီးလမ်းကြောင်းရှိလို့ ကင်းချတာဆိုလည်း ခဏပဲ။ အခုက တနေကုန်စောင့်နေတာတွေ့တယ်။ စစ်ဆေးတာတွေတော့ မရှိဘူး။ ဒီတိုင်းကင်းစောင့်နေကြတာ။ တစ်ခါတလေ အရပ်ဝတ်နဲ့စောင့်တာတွေ၊ အိမ်စီးကားတွေနဲ့ ပတ်တာတွေပါတွေ့ရတယ်။ ညပိုင်းတွေဆိုရင် ဧည့်စာရင်းပြန်စစ်လာတယ်” လို့ လသာမြို့နယ်မှာနေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့ ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေကို နေရာချထားတာဟာ မြို့တွင်းခြုံရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကြားတပ်ဖွဲ့တွေကလည်း ရန်ကုန်မြို့တွင်းမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီတပ်သားတွေရဲ့ အနီးနားကိုမသွားလာကြဖို့ သတိပေးထားပါတယ်။
မြို့ပြပြောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Together Urban Force ကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပက်သက်တဲ့ ဒေါက်တိုင်တွေ၊ လုပ်ငန်းဌာနတွေ၊ စစ်ကောင်စီတပ်ရဲ့ အထိုင်ကင်း၊ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာကြဖို့ အခုလ ၆ ရက်က သတိပေးထုတ်ပြန်ထားပါတယ်။
Together Urban Forceအဖွဲ့ဟာ အခုလ ၆ ရက် ညနေပိုင်းက မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီအပြင် အခုနှစ်မတ်လ ၃၁ ရက်တုန်းကလည်း မြောက်ဒဂုံမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ပစ်သတ်ခံခဲ့ရသလို ဧပြီ ၉ ရက်ကလည်း အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ပုံစာ-၂၀၂၁ ဖေဖော်ဝါရီတုန်းက ဗဟိုဘဏ်ရှေ့လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ
ဓာတ်ပုံ-mawkun

