ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေဖြစ်ပွားနေကာ မနေ့ကတော့ တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
ယင်းမာပင်၊ တာဝကျေးရွာကို မနေ့ နေ့လယ်မှာအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့သွားသလို တော်လှန်ရေးရဲဘော်သုံးဦးကိုလည်းဖမ်းဆီးသွားခဲ့ပါတယ်။
တာဝရွာကို စစ်ကြောင်းထိုးချိန်မှာရဲဘော်သုံးဦးဟာ ဘတ်ထရီအိုးပြန်ယူရာကနေ အာဏာသိမ်းစစ်တပ်နဲ့ တိုးပြီး အဖမ်းခံရတာလို့ ဒေသခံကပြောပါတယ်။
“စစ်ကြောင်းထိုးလာတော့ရှောင်နေကြတာ၊ ဘတ်ထရီအိုးကပြန်သယ်စရာကျန်နေပုံရတယ်၊ အဲဒါကိုပြန်ယူတာ”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
အဖမ်းခံရတဲ့သုံးဦးထဲက နှစ်ဦးကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့ပြီး တစ်ဦးကတော့ လက်ထိပ်တန်းလန်းနဲ့ ဒီနေ့ နံနက်မိုးမလင်းခင်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။
“အသတ်ခံရတဲ့ တစ်ဦးက ရွှေကောင်းစံ အသက် ၁၈ နှစ်၊ နောက်တစ်ဦးက မောင်အောင်ဇေယျ၊ သူက CDM ၊ PDF ရဲဘော်၊ ဆေးတပ်သားလို့လည်းပြောတယ်”လို့ ဒေသခံကပြောပါတယ်။
မောင်အောင်ဇေယျဟာ ယင်းမာပင်နယ်သားမဟုတ်ဘဲ ဘုတလင်နယ်သားဖြစ်တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး တာဝကျေးရွာကို ဒီကနေ့ နံနက် ၈း၀၀ နာရီမှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၂ လုံး မီးလောင်ပြာကျခဲ့ရပါတယ်။
Data For Myanmar ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ ၂၀၂၁ မေလကနေ ၂၀၂၃ ဇန်နဝါရီထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့၊ ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ နေအိမ် ၄၃,၀၀၀ ကျော်အနည်းဆုံး ပျက်စီးခဲ့ရပါတယ်။
ပုံစာ – တော်လှန်ရေးများကျဆုံးခဲ့ရပြီး နေအိမ်များမီးရှို့ခံရသည့် တာဝကျေးရွာမြင်ကွင်း
ဓါတ်ပုံ – Mawkun Magazine
#Dailynews

