၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Historic Event ဖြစ်ပါသည်။
ရန်ကုန်မြစ်ကို ပထမဆုံး ဖြတ်သန်းတည်ဆောက်မည့် ရန်ကုန်- ဒလ တံတားစီမံကိန်းအား ၂၀၁၈၊ ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ပန္နက်တော်တင်အခမ်းအနားပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။
ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စတင်ခဲ့သော မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် အကောင်အထည် ဖော်မည့် ယခု စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်ကုန်ကျမည်ဟု ခန့်မှန်းထားကာ ဒေါ်လာ သန်း ၃၀ ကျော်ကို မြန်မာအစိုးရက ကျခံပြီး ကျန်ငွေကို ကိုရီးယားနိုင်ငံအစိုးရက ကျခံမည်ဖြစ်သည်။ တံတားကို ၂၀၂၂ တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်။
လေးလမ်းသွားတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှ စွမ်းအင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက အဓိကတည်ဆောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်ဆင့်ခံတည်ဆောက်ရေး ကိုယ်စားလှယ်အဖြစ် ရွှေတောင်အုပ်စုကုမ္ပဏီက ပါဝင်မည်ဖြစ်သည်။
တံတားတည်ဆောက်မှုကြောင့် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဟု မျှော်လင့် ထားကြပြီး လက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာ သွားမည်ဟု တံတားဦးစီးဌာနက သုံးသပ်ထားသည်။
ထို့အပြင် ရန်ကုန်နှင့်မြစ်တစ်စင်းသာ ခြားပြီး ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သော ဒလဒေသခံများအတွက် လူမှုရေး၊ စီးပွားရေး၊ လမ်း ပန်းဆက်သွယ်ရေးများ အဆင်ပြေချောမွေ့လာမည်ဟုလည်း ယူဆထားကြသည်။ ထို့ပြင် ရေရှားပါးမှု ပြဿနာကို နှစ်စဉ်ခံစားနေရ သော ဒလမြို့ခံများအတွက် ရန်ကုန်-ဒလတံတား စီမံကိန်းတွင် အချင်းတစ်ပေခွဲရှိ ရေပိုက်လိုင်းနှစ်လိုင်းကို တံတား၏ ဘယ်ညာတွင် ထည့်သွင်း တည်ဆောက်သွားမည်ဟု စီမံကိန်းအချက်အလက်များတွင် ဖော်ပြထားသည်။
ဒလနှင့် ရန်ကုန်သို့ နေ့စဉ် ကူးသန်းသွားလာနေသော ခရီးသွားပြည်သူပေါင်း ငါးသောင်းကျော်ရှိသည်ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနက ဖော်ပြထားသည်။
မော်ကွန်း
- #mawkun
- #magazine
- #chronicle

