ရန်ကုန်မြို့ဘက်က ဒလကူးတို့ဆိပ်တွေကို အချိန်ကန့်သတ်တာကြောင့် မြို့ခံတွေ အခက်ကြုံ

ရန်ကုန်မြို့ဘက်က ဒလကူးတို့ဆိပ်တွေကို အချိန်ကန့်သတ်တာကြောင့် မြို့ခံတွေ အခက်ကြုံ

ရန်ကုန်- ၂၀၂၁ အောက်တိုဘာ ၈ ( မော်ကွန်း)

ရန်ကုန်မြို့ရဲ့တဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်ဆီ ကူးသန်းရာတွင် အဓိကကျတဲ့ စက်လှေ ကူးတို့ဆိပ်တွေကို ယနေ့ည ၈ နာရီထက် နောက်မကျဘဲ ပိတ်သိမ်းခိုင်းတာကြောင့် ရန်ကုန်ဘက်အခြမ်းကနေ ပြန်လာမယ့် အလုပ်သမားတွေ အခက်တွေ့နေကြရတယ်လို့ ဒလမြို့ခံတချို့က ပြောပါတယ်။

ဒလမြို့နဲ့ ရန်ကုန်အကြား အဓိက ကူးသန်းရာ စက်လှေ ကူးတို့ဆိပ်တွေဖြစ်တဲ့ ကမာကဆစ်၊ မှော်စက်၊ ကမာကသွယ်နဲ့ စက်မြေ ရပ်ကွက် ကူးတို့ ဆိပ်တွေဟာ ယနေ့ည ၈ နာရီ မတိုင်မီမှာ ပိတ်သိမ်းခဲ့ကြတာပါ။

” ကျနော်တို့ ဒလဘက်အခြမ်းက ပိတ်တာမဟုတ်ဘူး။ ရန်ကုန်ဘက်က ဂိတ်တွေကို လာပိတ်သွားတာ။ ဘယ်သူဆိုတာတော့ ကျနော်လည်း အတိအကျမသိဘူး။ ဟိုဘက်ခြမ်းက ပိတ်ရတော့ ဒီဘက်ကလဲ သွားမရဘူးပေါ့။ ပြန်လာမယ့် လူတွေက ရှိနေပါသေးတယ်” လို့ ဒလဘက်အခြမ်း စက်လှေကူးတို့ဆိပ်က ဂိတ်တာဝန်ရှိသူတစ်ဦးက ပြောတယ်။

” ကျနော်ရဲ့အလုပ်က ၇ နာရီခွဲမှ ဆင်းရတာ။ အိမ်က လှမ်းပြောလို့ အသည်းအသန်ပြေးလာခဲ့တာ။ အခု မီယုံလေးဘဲ” လို့ ယနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်မှာ စက်လှေစီးလာတဲ့ ဒလမြို့ခံတစ်ဦးက ပြောပါတယ်။
တရားဝင် ကြေညာထားတဲ့ ည ၁၀ ၊ မနက် ၄ နာရီမထွက်ရအမိန့် အချိန်အတွင်းမဟုတ်ဘဲ အခုလို ရုတ်တရက် နှုတ်မိန့်တွေနဲ့ ကန့်သတ်တာကြောင့် မြို့နေ လူထုအနေနဲ့ ဒုက္ခ ဖြစ်ရတယ်လို့ စက်လှေမောင်းသူတွေနဲ့ ဂိတ်တာဝန်ရှိသူတချို့က ပြောပါတယ်။

” မနေ့ကမနက်(အောက်တိုဘာ ၇) တုန်းကလည်း ဒလဘက်ကနေ မနက် ၄ နာရီ ထိုးဖို့ မိနစ်ပိုင်းအလိုလေးမှာ အလုပ်သမားတွေတင်ပြီး ထွက်သွားတဲ့ စက်လှေတွေကို ရန်ကုန်ဘက်ကို အကပ်မခံဘူး။ ကပ်ရင်ပစ်မယ်ဆိုလို့ လှေတွေက မကပ်ရဲဘူး။ နောက်မှ အကပ်ခံခဲ့တယ်” လို့ ဒလဘက်အခြမ်း စက်လှေဂိတ်မှာ ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦးက ပြောပြတယ်။

အထက်ပါ အပိတ်ခံရတဲ့ စက်လှေဂိတ်တွေဟာ ဒလမြို့ပေါ်နေ လူထုအတွက် အရေးပါတဲ့ ကူးသန်းသယ်ယူရေးဂိတ်တွေဖြစ်ပြီး နေ့စဉ် လူဦးရေ သောင်းနဲ့ချီ ကူးသန်းနေကြတာပါ။ အစိုးရ ကူးတို့သင်္ဘောဖြစ်တဲ့ ပန်းဆိုးတန်း-ဒလ ကူးတို့ဟာ အချိန်အကန့် အသတ်နဲ့သာ ပြေးဆွဲတာကြောင့် မြို့နေလူထုအများစုဟာ စက်လှေကူးတို့တွေကိုသာ အားထားရတာပါ။

” လူအများကြီးဟိုဘက်ကမ်း(ရန်ကုန်) မှာ ကျန်သေးတယ်။ အဲဒီလူတွေရောက်လာလို့ ကူးစရာ လှေမရှိလို့ ကမ်းစပ်မှာ သောင်တင်နေရင်၊ ည ၁၀ နာရီ ကျော်သွားရင် ဒီကောင်တွေ(ရဲတွေ) ဂွင်ဖန်ကြဦးမယ်” လို့ ဒလမြို့ခံတစ်ဦးက မှတ်ချက်ပြုတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှာပါဝင်တဲ့ ဒလမြို့မှာ အဓိကနေထိုင်သူတွေဟာ အစိုးရဆေးရုံလိုနေရာတွေ၊ ဆောက်လုပ်ရေးနဲ့ ဈေးတွေလို နေရာတွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံလူတန်းစားတွေဖြစ်ပြီး ည ၁၀ ၊ မနက် ၄ နာရီ ကန့်သတ်ချက်ကြောင့် အခက်တွေ့နေကြသူတွေလည်း ဖြစ်ကြပါတယ်။

ဓါတ်ပုံ- ဒလမြို့က စက်လှေကူးတို့ဆိပ်တစ်ခု။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."