ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မနေ့ကအာဏာသိမ်းစစ်တပ် သတ်ဖြတ်ထားခဲ့သူ လေးဦးတွေ့ရှိပြီးနောက် ဒီကနေ့မှာလည်း နောက်ထပ်နှစ်ဦးတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
“ဒီနှစ်ယောက်ကလည်း မနေ့က လေးယောက်လိုပဲ မနေ့ကပဲ အသတ်ခံရတာ၊ ဒီနေ့မှ အလောင်းတွေ့ရတာပေါ့”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
မနေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-နမခ)ကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ကို ရောက်လာပြီး ရွှေလှေရွာမှာ အမျိုးသားတစ်ဦး၊ ဖောင်းကတာနဲ့ မန်ကျည်းတန်းရွာကြားမှာ အမျိုးသားသုံးဦး၊ စုစုပေါင်း လေးဦးတို့ကို နှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။
ဒီကနေ့ နံနက် ၉း၀၀ နာရီလောက်မှာတော့ ဖောင်းကတာရွာနဲ့ရေခါးရွာအကြားမှာ သေနတ်နဲ့ပစ်သတ်ထားတဲ့ နောက်ထပ်အမျိုးသားနှစ်ဦးရဲ့အလောင်းတွေကို ရွာသားတွေက ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုအသတ်ခံရတဲ့ အရပ်သားစုစုပေါင်းခြောက်ဦးမှာ ငါးဦးက မုံရွာဘက်ကမ်းကတည်းက ဖမ်းဆီးလာတဲ့ ပြည်သူတွေဖြစ်ပြီး ဆားလင်းကြီးနယ်ဘက်ကိုရောက်မှ အာဏာသိမ်းစစ်တပ်က လမ်းမှာပစ်သတ်ခဲ့ကာ ဘယ်ရွာကလဲဆိုတာတော့ မသိရကြောင်း ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဆားလင်းကြီးနယ်မှာ မနေ့ကတစ်ရက်တည်းမှာတင် အရပ်သားပြည်သူ ခြောက်ဦးကို နှိပ်စက်၊ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့တွေ့ရှိရတဲ့ အလောင်းတွေရဲ့ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့ကနောက်ဆုံးစောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၃,၄၃၀ ဦးရှိလာပါပြီ။
လတ်တလော ဆားလင်းကြီးမြို့နယ်ထဲက ရွှေမုဋ္ဌောဘုရားမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ရပ်နားနေပြီး ဘယ်အချိန်ပြန်ထွက်မလဲဆိုတာမသိရသေးကြောင်း ဒေသခံတွေကပြောပါတယ်။
ဒီလို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး၊ လူသတ်နေတာကြောင့် ဆားလင်းကြီးနယ်က ရွှေလှေ၊ လက်ပံတောင်း၊ ကံတော၊ တုံသုံးရွာ၊ ဇီးတော၊ ဖောင်းကတာ၊ မန်ကျည်းတန်းနဲ့ ခြောက်တင်းကျ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုံစာ – ဆားလင်းကြီးတွင် ယနေ့ထပ်မံတွေ့ရှိရသော အရပ်သားနှစ်ဦး၏ အလောင်းများ
ဓါတ်ပုံ – CJ
#Dailynews

