အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် အရပ်သားအစိုးရကိုသာမက ထောက်လှမ်းရေးကွန်ရက်၊ နယ်မြေလုံခြုံရေးနှင့် နယ်စပ်လုံခြုံရေးတို့ကို တာဝန်ယူရ သော အင်အားစုများကိုပါ တပ်လှန့်လိုက်ခြင်းဖြစ်ပါသည်။
အစွန်းရောက်အစ္စလာမ္မစ် အကြမ်းဖက်သမားများ နယ်စပ်မှတစ်ဆင့် စိမ့်ဝင်ကာ ဒေသခံအချို့နှင့်ပူးပေါင်း၍ တိုက်ခိုက်မှုများလုပ်ဆောင်လာလိမ့်မည်ဟူသော ပြည်သူများကြားရှိ နဂိုရှိရင်းစွဲ စိုးရိမ်မှုတို့သည်လည်း ထိုဖြစ် စဉ်ကြောင့် ပိုမိုကြီးထွားလာခဲ့သည်။
ထိုဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတော်တော်များများရင်ဆိုင်နေရသည့် အစွန်းရောက်အစ္စလာမ္မစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှု ကွန်ရက်ထဲတွင် မြန်မာနိုင်ငံပါ ပါဝင်လာပြီဟု ဆိုရပါလိမ့်မည်။
နယ်စပ်လုံခြုံရေးနှင့် ထောက်လှမ်းရေးကွန်ရက်အားကောင်းရေးတို့သည် အရေးတကြီးလုပ်ဆောင်ရမည့် နည်းတူ တစ်ဖက်တွင်လည်း အကြမ်းဖက်သမားတို့၏ စည်းရုံးမှုနောက်သို့ ဒေသခံများပါမသွားစေရေး ကြို တင်ဟန့်တားနိုင်ရန်မှာလည်း လွန်စွာအရေးကြီးပါသည်။
အစိုးရအဆက်ဆက်၏ ဖိနှိပ်မှုမျိုးစုံကို ခံခဲ့ရသောကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအပါအဝင် အစစ အရာရာ ချွတ်ခြုံကျကာ ဆင်းရဲတွင်းနက်နေသော မွတ်စလင်လူဦးရေအများစုရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသည် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်သမားတို့ ခြေကုပ်ယူရန်နှင့် လူအင်အားစုဆောင်းရန် အင်မတန် ကောင်းမွန် သော ရေခံမြေခံဖြစ်နေသည်ကို လတ်တလောအခြေအနေများက မီးမောင်းထိုးပြနေသည်။
သို့ဖြစ်သောကြောင့် အကြမ်းဖက်သမားတို့၏ ဆွဲဆောင်မှုနောက် ဒေသခံမွတ်စလင်များ ပါမသွား ရေးလုပ်ဆောင်ရမည့်အချက်မှာ ခက်ခဲပါလိမ့်မည်။ ဤနေရာတွင် ထိုဒေသရှိ မွတ်စလင်များအရေး တောင်း ဆိုနေသောလူပုဂ္ဂိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစ္စလာမ္မစ်နိုင်ငံများ၏အပေါင်းလက္ခဏာဆောင်သည့် ပူးပေါင်းပါဝင်မှုသည် အရေးပါလာပါလိမ့်မည်။
လူ့အခွင့်အရေးလေးစားလိုက်နာရေး၊ ယင်းဒေသရှိ မွတ်စလင်များအား တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုပေးရေးနှင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေးကိစ္စများကိုသာ ပြောဆိုတိုက်တွန်းနေ၍ ပြီးမည်မဟုတ်ဘဲ ဘာသာရေးအခြေပြုအကြမ်းဖက်တိုက်ခိုက်မှုများကို ဝိုင်းဝန်းရှုတ်ချပေးရန်လည်း လိုအပ်ပါလိမ့်မည်။ ထို့ပြင် အကြမ်းဖက်ကွန်ရက်ထဲ ဒေသခံမွတ်စလင်များ ပါမသွားရေးကိုလည်း တတ်နိုင်သည့်ဘက်က နှိုးဆော်သတိပေး ကြရန်လည်း လိုအပ်ပါသည်။
ထိုသို့မလုပ်ဆောင်ပါက ပြည်ပအဖွဲ့အစည်းများသည် ပြည်တွင်းပြဿ နာပြေလည်ရေးကို စိတ်မဝင်စားဘဲ ပြဿ နာကြီးထွားလာရေး မီးလောင်ရာလေပင့် လုပ်ဆောင်နေကြသည်ဟူသော ပြည်သူများ၏ အယူအဆများကို ချေဖျက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဒေသတည်ငြိမ်ရေးမှာလည်း အလှမ်းဝေးနေပေဦးမည်ဖြစ်သည်။
၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ အယ်ဒီတာ အာဘော်ဖြစ်ပါသည်။
မော်ကွန်းအယ်ဒီတာ အဖွဲ့
mawkun.chronicle@gmail.com

