ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း)
စာသင်ကျောင်းတွေ ရခိုင်မှာပုံမှန်ဖွင့်ထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက သူတို့ဝါဒဖြန့် သတင်းစာတွေမှာ ဒီနေ့ဖော်ပြပေမယ့် ဒေသခံတချို့ကတော့ ရက္ခိုင့်တပ်တော်(AA)နဲ့ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာတဲ့ နိုဝင်ဘာ ၁၃ ကတည်းက ပိတ်ထားတယ်လို့ မော်ကွန်းကို ပြောပါတယ်။
“ ဒီရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်ဘက်တွေမှာတော့ပိတ်ထားတာ တိုက်ပွဲတွေစဖြစ်ကတည်းကပဲ။ ရသေ့တောင်မြို့ပေါ်က ကျောင်းတွေတောင် မဖွင့်ဘူး။ နယ်တွေမှာဆို ပိုဆိုးတာပေါ့” လို့ ရသေ့တောင်မြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ ရာနဲ့ချီတဲ့စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းဌာနတချို့ရဲ့ ဖော်ပြချက်ကို သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။
ရသေ့တောင်ဒေသခံကတော့ မြို့ပေါ်မှာတောင် ဗုံးခိုကျင်းတွေတူးပြီး သူတို့နေထိုင်နေကြရသလို တစ်မြို့နဲ့တစ်မြို့ ကူးလူးဆက်ဆံမှုကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကုန်စည်ပြတ်လပ်မှုတွေဖြစ်ပြီး ကုန်ဈေးနှုန်းကြီး၊ ပစ္စည်းရှားတဲ့ ပြဿနာကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့က ဒေသခံတစ်ဦးကတော့ တရားဝင်ပိတ်တယ်လို့ မကြေညာပေမယ့် တိုက်ပွဲသံတွေနဲ့ စစ်ကောင်စီရဲ့တင်းကြပ်တဲ့ စစ်ဆေးမှုတွေကြောင့် မိဘတွေက ကျောင်းသားတွေကို ကျောင်းမပို့ကြတော့တာကြာပြီလို့ ပြောပါတယ်။
“ တချို့နေရာတွေ လက်နက်ကြီးတွေ ဘာတွေနဲ့ ပစ်တာတွေ ရှိတယ်။ မြောက်ဦးမြို့ပေါ်မှာဆိုရင် ကျောင်းတော်တော်များများ ရပ်နားထားတယ်။ ပိတ်တယ်လို့တော့ မဟုတ်ဘူး။ မသွားကြတော့တာ” လို့ သူက ပြောပါတယ်။
“ အသွားအလာ စစ်ဆေးတာတို့၊ မသင်္ကာရင် ဖမ်းသွားတာမျိုးတွေလည်း ဖြစ်နေတော့ အားလုံးက ကြောက်လန့်နေကြတဲ့ အခြေအနေတော့ရှိတယ်” လို့ မြောက်ဦးဒေသရဲ့ အခြေအနေကို သူက ဆက်ရှင်းပြတယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေကဒေသခံတစ်ဦး ကတော့ ကျောင်းတွေပိတ်ထားတာဟာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့တွေအပြင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့မှာတောင် မဖွင့်ကြဘူးလို့ ပြောပြပါတယ်။
“ ဘယ်ကျောင်းမှ မဖွင့်ဘူး။ ဖွင့်လည်း ဘယ်သူက သွားရဲမှာလဲ။ ဒီဘက် (ရခိုင်မြောက်ပိုင်း) မှာတော့ မဖွင့်ကြတာကြာပြီ။ အမ်းမှာတောင် မဖွင့်ကြဘူး”လို့ သူက ပြောတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေက စတင်ခဲ့တဲ့ ‘ ၁၀၂၇-စစ်ဆင်ရေး’ရဲ့ အစိတ်အပိုင်းအဖြစ် နိုဝင်ဘာ ၁၃ က စပြီး ရခိုင်ပြည်နယ်မှာ AA က စစ်ကောင်စီကို တိုက်ခိုက်နေတာ အခုဆိုရင် သီတင်းနှစ်ပတ်ထဲကို ဝင်လာပါပြီ။
ဒီအတောအတွင်း စစ်ကောင်စီရဲ့ အဓိက စခန်းလေးခုကို တိုက်ခိုက်သိမ်းထားနိုင်သလို သူတို့စွန့်လွှတ်သွားတဲ့ စခန်း ၄၀ ကျော်ကို လည်း ထိန်းသိမ်းထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် လတ်တလောမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ အဓိကဗျူဟာကုန်း နှစ်ခုကို AA က တိုက်ခိုက်နေသလို စစ်တွေမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ပေါက်တောမြို့က စစ်ကောင်စီ တပ်တွေကိုလည်း တိုက်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပေါက်တောမြို့က AA တပ်တွေကို တိုက်လေယာဉ်၊ စစ်သင်္ဘောတွေအသုံးပြုပြီး တန်ပြန်ချေမှုန်း နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်တွေမြို့က အထက်တန်းကျောင်းတစ်ကျောင်းကို ယခုနှစ် ဇွန်လပိုင်းက မြင်တွေ့ရစဉ်
ဓာတ်ပုံ – MOI

